Sunday, March 15, 2015

အပစ်ရပ်ဆွေးနွေးရန် နှစ်ရက်သာလိုသော်လည်း ကော့ကရိတ်တွင် အစိုးရနှင့် ဒီကေဘီအေ စစ်ရေးတင်းမာဆဲ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ်အတွင်း အစိုးရ စစ်တပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်( DKBA) တို့အကြား နှစ်ရက်ကြာ စစ်ရေးတင်းမာနေပြီး မတ်လ ၁၄ ရက်တွင် တိုက်ပွဲဖြစ်ပွားမည့် အခြေအနေတွင် ရှိနေသည်ဟု ဗိုလ်မှူးကြီး စောဆန်းအောင်က မဇ္ဈိမကို ပြောသည်။

“အခုက ပစ်ခါနီးပြီ။ သူတို့က ကော့ကရိတ် တမိုင်ကုန်းကနေ တက်လာတာ။ အခု ကျွန်တော်တို့နဲ့ မိုင်ဝက် နီးပါးလောက်မှာ ရှိတယ်။ သူတို့ တက်လာတာက ထိုးစစ်ဆင်တာနဲ့ အတူတူပဲ၊ တိုက်ပွဲက ဖြစ်ဖို့ ၇၀ ရာခိုင်နှုန်းကျော်ရှိတယ်”ဟု ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောသည်။

မတ်လ ၁၁ ရက်က အစိုးရ စစ်တပ်နှင့် DKBA တို့ ၂ နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ယနေ့ထိ စစ်ရေး တင်းမာနေခြင်း ဖြစ်သည်။

မတ်လ ၁၆ရက်တွင်မူ အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ရန်ကုန်မြို့တွင် အပစ်ရပ်စာချုပ်အတွက် ၇ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ DKBA ကိုယ်စားလှယ်များလည်း ရန်ကုန် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ရန် မတ်လ ၁၄ ရက်တွင် စီစဉ်နေပြီ သိရကြောင်း သူက ဆိုသည်။


Credit - Mizzima News

No comments:

Post a Comment