Friday, March 20, 2015

ဖမ်းဆီးခံကျောင်းသားတစ်ချို့အား သာယာဝတီထောင်တွင် မိဘများ တွေ့ခွင့်ရပြီ

ရန်ကုန် (မဇ္ဈိမ) ။ ။ ဒီမိုကရေစီပညာရေးအတွက် တောင်းဆိုဆန္ဒပြရင်း ပဲခူးတိုင်း၊ လက်ပံတန်းတွင် မတ်လ ၁၀ရက်က ရိုက်နှက် ဖမ်းဆီးခံခဲ့ရသော ကျောင်းသားခေါင်းဆောင်နှစ်ဦးဖြစ်သည့် ကိုမင်းသွေးသစ်နှင့် မဖြိုးဖြိုးအောင်တို့ နှစ်ဦးကို သာယာဝတီထောင်တွင် မတ်လ ၂၀ရက် ညနေပိုင်းက တွေ့ဆုံခွင့်ရခဲ့သည်ဟု ကာယကံရှင် မိဘများက ပြောသည်။

မတ်လ ၁၀ရက်ကတည်းက ဖမ်းဆီးခံထားရသော ကျောင်းသား၊ ကျောင်းသူများကို ကနဦးတွင် ထောင်ဝင်စာသာ ပေးခွင့်ရခဲ့ရာမှာ ပထမဆုံးအကြိမ်အဖြစ် အာဏာပိုင်များက တွေ့ဆုံခွင့်ပေးခဲ့ခြင်းဖြစ်သည်။

'အမေစိတ်မပူပါနဲ့၊ ဒီလောက်တော့ သားခံနိုင်ရည်ရှိပါတယ်လို့ ပြောတယ်။ နံရိုးတွေအောင့်နေတာ၊ ခေါင်းတွေကိုက်နေ၊ ကြိမ်းနေတာတွေလည်း သက်သာလာပြီလို့ ပြောပါတယ်' ဟု ဖမ်းဆီးခံရသည့် သပိတ်မှောက် ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်၏ မိခင်ဖြစ်သူ ဒေါ်ခင်ခင်ယုက မဇ္ဈိမကို ပြောသည်။

ကိုမင်းသွေးသစ်သည် မတ်လ ၁၀ရက်နေ့က လက်ပံတန်းတွင် ဖမ်းဆီးခံရစဉ်က လုံထိန်းရဲများ၏ ရိုက်နှက်၊ ကန်ကြောက်မှုကို အများဆုံးခံခဲ့ရသည့် သပိတ်မှောက်ကျောင်းသားတစ်ဦးလည်းဖြစ်သည်။

၎င်းတို့ကို လက်ပံတန်းမြို့နယ်တရားရုံးတွင် ပုဒ်မ ၅ခုဖြင့် တရားစွဲဆိုထားပြီး လာမည့် ၂၅ရက်နေ့တွင် ဒုတိယ အကြိမ် ရုံးထုတ်မည်ဖြစ်သည်။ စွဲဆိုထားသည့် ပုဒ်မများမှာ ပြစ်မှုဆိုင်ရာပုဒ်မ ၁၄၃ (ဥပဒေနှင့်ဆန့်ကျင်သည့် အစုအဝေးတွင် ပါဝင်မှု)၊ ၁၄၅ (လူစုခွဲရန်အမိန့်ပေးထားကြောင်း သိလျက်နဲ့အစုအဝေးတွင် ဆက်လက်ပါဝင်နေခြင်း)၊ ၁၄၇ (ရုန်းရင်းဆန်ခတ်မှု)၊ ၃၃၂ (ပြည်သူ့ဝန်ထမ်းကို တာဝန်ထမ်းဆောင်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျောက် နာကျင်စေမှု)နှင့် ၅၀၅(ခ) (နိုင်ငံတော်အကြည်အညိုပျက်စေမှု) တို့ဖြစ်သည်။

ယင်းကဲ့သို့ ပုဒ်မ ၅ခုဖြင့် တရားစွဲဆိုမှုအပေါ် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က 'ကျောင်းသားတွေကို အစိုးရအနေနဲ့  တရားမစွဲသင့်တော့ပါဘူး၊ ကျောင်းသားတွေဘက်မှာ ထိခိုက်ဒဏ်ရာ ရတဲ့သူတွေလဲအများကြီးပါပဲ။ ကျောင်းသားတွေ ဒဏ်ရာရတဲ့အတွက် ရဲတွေကိုပြန်အမှုဖွင့်မယ်ဆိုရင် လက်ခံမလား။ ကားမှန်ခွဲတဲ့ကိစ္စကို အမှုဖွင့်ရင်ရော လက်ခံမှာလား ပြန်မေးချင်ပါတယ်။ ပြဿနာကိုအေးအေးချမ်းချမ်းပြီးသွားချင်ရင် ဒီအမှုကိုဆက်မသွားသင့်တော့ပါဘူး' ဟု ပြောသည်။

ဖမ်းဆီးခံကျောင်းသား၊ ကျောင်းသူများအတွက် မြန်မာနိုင်ငံရှေ့နေများကွန်ယက်မှ ကူညီပေးမည်ဟုလည်း ဒေါ်ခင်ခင်ယုက ဆိုသည်။

ဖမ်းဆီးခံကျောင်းသူတစ်ဦးဖြစ်သည့် မဖြိုးဖြိုးအောင်ကို သွားရောက်တွေ့ဆုံခဲ့သည့် မိဘများကို မဇ္ဈိမကို ဆက်သွယ်မှုမရရှိခဲ့ပေ။ မဖြိုးဖြိုးအောင်၏ ကျန်းမာရေးအခြေအနေမှာလည်း ကောင်းမွန်သည်ဟု ကိုမင်းသွေးသစ်၏ မိခင် ဒေါ်ခင်ခင်ယုက ပြောပြသည်။

သပိတ်မှောက်ကျောင်းသား၊ ကျောင်းသူများအပါအ၀င် ၎င်းတို့ကိုထောက်ခံသူများ၊ သွားရောက်သတင်းယူသည့် သတင်းထောက်နှစ်ဦး စုစုပေါင်း အယောက် ၁၀၀ကျော်ကို လုံထိန်းရဲများက ရိုက်နှက်ဖမ်းဆီးခဲ့ပြီး နောက် သတင်းထောက်နှစ်ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၂၈ဦးကို ပြန်လွတ်ပေးပြီဖြစ်သည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။

ဖမ်ဆီးခံ သပိတ်မှောက်ကျောင်းသား၊ ကျောင်းသူများမှာ ရန်ကုန်သို့ ချီတက်ရန်ကြိုးပမ်းစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။


Credit - Mizzima News

No comments:

Post a Comment