ရန်ကုန် (မဇ္ဈိမ)။ ။ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက်
ငွေချေးရန် လျာထားသည့် ကျပ် ဘီလီယံ ၂၀ အနက် ကျပ်လေးဘီလီယံသာ ချေးရသေးသည်ဟု
အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဗဟိုဌာန၊ ဒုတိယညွှန်ကြား
ရေးမှူးချုပ် ဒေါ်အေးအေးဝင်း က ပြောသည်။

ရန်ကုန်မြို့ရှိ အသေးစား လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် SMIDB ဘဏ်က အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကို သက်သာသည့်အတိုးနှုန်းဖြင့် ငွေကျပ် ဘီလီယံ ၂၀ ချေးရန် လျာထားပြီး ငွေချေးရန် လျှောက်ထားသည့် လုပ်ငန်းရှင်ပေါင်း ၈၀၀ ကျော်ရှိသည့်အနက် လုပ်ငန်းရှင် ၁၄၅ ဦးကို ငွေချေးပေးပြီးဖြစ်သည်။
အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကို ငွေချေးနိုင်ရေးအတွက် လုပ်ငန်းရှင်များဘက်က တင်ပြသည့် အချက်အလက်များကို SMIDB ဘဏ်က စစ်ဆေးလျက်ရှိပြီး လုပ်ငန်းရှင်များတွင် စာရွက်စာတမ်းအထောက်အထား ပြည့်စုံမှုမရှိသည့်အတွက် ငွေချေးပေးရန် အဓိကအခက်အခဲဖြစ်နေ သည်ဟု ဒေါ်အေးအေးဝင်းက ဆိုသည်။
SMIDB ဘဏ်က အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကို အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ငွေချေးပေးလျက်ရှိရာ အနည်းဆုံး ကျပ်သိန်း ၁၀၀ မှ အများဆုံး ကျပ်သိန်း ၁,၀၀၀ အထိ ချေးပေးနေသည်။
၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် SMIDB ဘဏ်က ငွေကျပ် ၁၀ ဘီလီယံကို လုပ်ငန်းရှင် ၆၂ ဦးကို ထုတ်ချေးခဲ့ပြီး လက်ရှိဘဏ္ဍာနှစ်တွင် ငွေကျပ် ဘီလီယံ ၂၀ အထိ တိုးမြှင့်ထုတ်ချေးရန် လျာထားခြင်း ဖြစ်သည်။
ချေးငွေ ဘီလီယံ ၂၀ ကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့ကို ငွေကျပ် နှစ်ဘီလီယံ ချေးရန် သတ်မှတ်ထားပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများကို တစ်ဘီလီယံစီ ငွေချေးရန် သတ်မှတ်ထားသည်။
Credit - Mizzima News
No comments:
Post a Comment