ရန်ကုန် (မဇ္ဈိမ)။ ။ တရုတ်နိုင်ငံအတွင်း ဗုံးဆန်ကျရောက်မှုကြောင့်
မြန်မာနှင့် တရုတ် နှစ်နိုင်ငံ တင်းမာမှုများ အနည်းငယ် ဖြစ်ပေါ်နေသော်လည်း
မူဆယ်နယ်စပ် စခန်းကုန်သွယ်မှုကို တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း
နယ်စပ်ကုန်သည်များက ပြောသည်။

မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတစ်နေရာကို တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)
အဆိုပါ ဗုံးဆန်ကိစ္စအပေါ် တရုတ်စစ်ရေး တာဝန်ရှိသူများနှင့် မြန်မာစစ်ဘက် တာဝန်ရှိသူများ ဆွေးနွေးအဖြေရှာမှုများကို ယခုရက်ပိုင်း အတွင်း ပြုလုပ်နေကြသော်လည်း မူဆယ်နယ်စပ်၌ နှစ်နိုင်ငံ ကုန်သွယ်ရေးသည် ပုံမှန်အနေအထားရှိနေသည်ဟု မူဆယ်နယ်စပ်ကုန်သည် အသင်း ပြန်ကြားရေးတာဝန်ခံ ဦးမင်းသိန်းက ဆိုသည်။
“အဲဒီ လောက်ကိုင် နောက်ဆက်တွဲတွေ ဘာတွေဆက်ဖြစ်နေတယ်ဆိုတာ သေချာမသိနိုင်ပေမယ့် ဒီဘက်မှာတော့ ကုန်သွယ်ရေးက ပုံမှန်ပါပဲ။ သူတို့ဘက်ကရော ဒီဘက်ကုန်သည်တွေပါ ပုံမှန်ကုန်သွယ်နေတာပါ” ဟု ၎င်းက ရှင်းပြသည်။
လက်ရှိ လောက်ကိုင် တိုက်ပွဲဖြစ်ပွားမှုများ အရှိန်လျော့ကျလာခဲ့ပြီး မူဆယ်-မန္တလေး ကုန်စည်သွားလာမှုများလည်း အေးအေးချမ်းချမ်း ဖြစ်လာခြင်းကြောင့် ယခုရက်ပိုင်း ကုန်သည်များ စိုးရိမ်မှုမရှိဘဲ ကုန်သွယ်မှုများ ဆောင်ရွက်နေပြီဟုလည်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။
ယခုမတ်လလယ်ပိုင်း တရုတ်ယွမ်ဈေးများ ပြန်လည်တက်လာနေခြင်းကြောင့် မြန်မာ့ပို့ကုန်များ ပိုမိုဈေးရလျက်ရှိနေ ပြီး ဆန်တင်ပို့မှုမှာလည်း နေ့စဉ် အိတ်ရေ ငါးသောင်းကျော်အထိရှိနေသည်ဟု မူဆယ်ကုန်သည်အသင်း တာဝန်ရှိသူက ပြောသည်။
မူဆယ်နယ်စပ် ဆန်ကုန်သည် တစ်ဦးကလည်း “ဒီရက်ပိုင်း ဆန်တင်ပို့မှုက ယွမ်ဈေးတက်သလို ဆန်လက်ကျန် နည်းနေတဲ့အတွက်လည်း ဈေးရနေပါတယ်။ တရုတ်ဘက်ကလည်း ဝယ်လိုအားရှိနေတာလည်းပါတယ်” ဟု ဆိုသည်။
မူဆယ်နယ်စပ် ကုန်သွယ်ရေးမှာ တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု၏ အဓိက အစိတ်အပိုင်း တစ်ရပ်ဖြစ်သကဲ့သို့ မြန်မာနယ်စပ်ကုန်သွယ်မှု ၆၀ ရာခိုင်နှုန်းကိုလည်း ယင်းကုန်သွယ်ရေး စခန်းကို အဓိက အားထားနေရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောဆိုထားသည်။
Credit - Mizzima News
No comments:
Post a Comment