Tuesday, March 17, 2015

အာမခံဖြင့် လွတ်လာသည့် ရွှေပြည်သာစက်ရုံ အလုပ်သမား ၁၃ ဦး အလုပ်ထုတ်ခံရ၍ ခုံသမာဓိရုံးသို့ တိုင်ကြား

ရန်ကုန် (မဇ္ဈိမ)။ ။ လုပ်ခလစာ တိုးမြှင့်ရေးအတွက် ဆန္ဒပြတောင်းဆိုပြီး ဖမ်းဆီးခံရသည့် ရွှေပြည်သာမြို့နယ်အတွင်း စက်ရုံသုံးရုံမှ အလုပ်သမား ၁၃ ဦး အာမခံဖြင့် ပြန်လွတ်လာချိန် အလုပ်ရှင်က အလုပ်ပြန်မခန့်သဖြင့် ခုံသမာဓိရုံးသို့ မတ်လ ၁၆ ရက်က တိုင်ကြားထားသည်ဟု အာမခံဖြင့် လွတ်လာသည့် အလုပ်သမား မအေးစန္ဒာဝင်းက မဇ္ဈိမကို ပြောသည်။

"ကျွန်မတို့ကို အာမခံနဲ့ လွတ်လာတော့ အလုပ်ထဲပြန်ဝင်ဖို့သွားတယ်။ အလုပ်ရှင်က အလုပ်ထုတ်လိုက်ပြီလို့ ပြောတယ် ၊မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးကို သွားတော့လည်း ရုံးက
ဟုတ်တယ် ဖြုတ်လိုက်ပြီးလို့ပြောတယ်။ ကျွန်မတို့ကို ညှိနှိုင်းနေတဲ့ ကာလအတွင်းအလုပ်ရှင်က အလုပ်မထုတ်ရဘူးလို့ ဆိုတာ ဥပဒေမှာပါတယ်"ဟု ၎င်းကဆိုသည်။

မတ်လ ၁၅ရက်နေ့က ပြန်လွတ်လာသည့် အလုပ်သမားများက စက်ရုံများတွင် မူလ နေရာ၊ ရာထူးဖြင့် လုပ်ငန်းခွင်ပြန်လည် ဝင်ရောက်နိုင်ရန် နှင့် အလုပ်ရှင် နှင့် အလုပ်သမားများအကြား ညှိနှိုင်းပေးရန် ခုံသမာဓိရုံးသို့ တင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

၎င်းတို့ ၁၃ဦးဦး အပါအဝင် အလုပ်သမား ၁၈ဦးကို ရွှေပြည်မြို့နယ် နှင့် အင်းစိန်မြို့နယ်အကြားတွင် မတ်လ ၄ရက်က ဖမ်းဆီးခဲ့ပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေ (ပုဒ်မ ၁၈)၊ ရုန်းရင်းဆန်ခတ်မှု (ပုဒ်မ ၁၄၇)တို့ဖြင့် အင်းစိန်မြို့နယ် တရားရုံးတွင် အမှုဖွင့်ထားခြင်း ဖြစ်သည်။ ဖမ်းဆီးခံရသည့် အထဲတွင် အလုပ်သမားများ အပါအဝင် အလုပ်သမားအရေး ဆောင်ရွက်သူ သုံးဦးလည်း ပါဝင်သည်။ မတ်လ ၁၅ရက်တွင်မူ အလုပ်သမားခေါင်းဆောင် နှစ်ဦး အပါအဝင် အလုပ်သမား ၁၃ဦးကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ငါးဦး ကျန်ရှိနေသေးသည်။

မတ်လ ၂၄ရက်ရက်တွင် ၎င်းတို့ ၁၃ဦးလုံးကို အင်းစိန်မြို့နယ် တရားရုံးက ရုံးချိန်း ချိန်းဆိုထားသည်။

အလုပ်သမားအရေးဆောင်ရွက်သူ သုံးဦးအပါအဝင် အလုပ်သမား ခေါင်းဆောင် နှစ်ဦးကိုမူ ပုဒ်မ (၁၈)၊ ပုဒ်မ (၁၄၇) နှင့် နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ (၅၀၅)(ခ)ဖြင့် စွဲဆိုကာ ဖမ်းဆီးထားခြင်း ဖြစ်သည်။

ရွှေပြည်သာမြို့နယ်အတွင်းရှိ စက်ရုံသုံးခုမှ အလုပ်သမားများသည် လုပ်ခလစာ တစ်နေ့ ၁၁၀၀ ရရှိရေးအတွက် ဇန်နဝါရီလမှ စကာ ဆန္ဒပြတောင်းဆိုခဲ့ပြီး မတ်လ ၄ရက်တွင် တညင်းကုန်းလမ်းဆုံအနီး ထိုင်သပိတ်ဖြင့် ဆန္ဒပြစဉ် အကြမ်းဖက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။


Credit - Mizzima News

No comments:

Post a Comment