Friday, March 20, 2015

ရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာမည့်သူများအတွက် ကျင့်ဝတ်များထုတ်ပြန်

ရန်ကုန် (မဇ္ဈိမ) ။ ။ လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာမည့်သူများအတွက် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၉၀အရ ကျင့်ဝတ်စည်းကမ်းများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မတ်လ ၁၉ရက်က ထုတ်ပြန်လိုက်သည်။

ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအတွက် ကျင့်ဝတ် ၁၉ချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ အနေဖြင့် မြန်မာနိုင်ငံ၏ ဥပဒေများ ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ နှင့် အမိန့် ညွှန်ကြားချက်များအား လေးစားလိုက်နာရမည်ဖြစ်ကာ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ ကင်းရှင်းပြီး ဘက်လိုက်မှု မရှိရန် စောင့်ထိန်းရမည်ဟု ပါရှိသည်။

ရွေးကောက်ပွဲအငြင်းပွားမှုများ၌ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများသည် တာဝန်ရှိသူများက ဆုံးဖြတ်ချက် ချရာတွင် ဝင်ရောက် မစွက်ဖက်ရဟု ပါရှိသည်။

ယင်းအပြင် လျှို့ဝှက်မဲပေးစနစ်အား ထိန်းသိမ်းသည့် အနေဖြင့် ဆန္ဒမဲပေးပြီးသည့် မဲဆန္ဒရှင်အား မဲရုံပရဝုဏ်၏ ၁၅ကိုက်အတွင်း မည်သူ့အား မဲပေးခဲ့သည်ကို မပေးမြန်းရခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ မဲရလဒ်များအား ထုတ်ပြန်ခြင်း၊ ဝင်ရောက်စွက်ဖက်ခြင်း မပြုရဟုလည်း ကန့်သတ်ထားသည်။ သို့သော် ရွေးကောက်ပွဲ စောင့်ကြည်လေ့လာသူ အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းအချက်အလက် ဖလှယ်ခြင်းတို့ ဆောင်ရွက်နိုင်သည်ဟု ဆိုသည်။

လေ့လာစောင့်ကြည့်သူသည် ပါတီတစ်ခုခု၊ ကိုယ်စားလှယ်လောင်း တစ်ဦးဦးကို ထောက်ခံ၊ ဆန့်ကျင်၊ မဲစွယ်ရာရောက်သည့် အပြောအဆို၊ အပြုအမူများကို မပြုလုပ်ရဘဲ ထိုသို့ အဓိပ္ပာယ်သက်ရောက်စေသည့် အဝတ်များကိုလည်း ဝတ်ဆင်ခြင်း မပြုရဟု အတိအလင်း ကြေငြာထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဥပဒေကြမ်းကို ရေးဆွဲပြဌာန်းကာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ၂၀၁၅ ခုနှစ်၊ မတ်လတွင် ကျင်းပမည်ဟု ရည်မှန်းထားကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သတင်းမီဒီယာများကို ပြောကြားထားသည်။


Credit - Mizzima News

No comments:

Post a Comment