Tuesday, March 17, 2015

ပြန်ကြားရေးဝန်ကြီးဌာန၏ အမြတ်ငွေ ကျပ် ၈ ဘီလီယံရရှိမည်ဟု ဆို

နေပြည်တော် (မဇ္ဈိမ) ။ ။  ပြန်ကြားရေးဝန်ကြီးဌာနသည် နှစ်စဉ် ကျပ် ၆ ဘီလီယံကျော် အမြတ်ရရှိနေပြီး ယခုနှစ်တွင် ကျပ် ၈ ဘီလီယံကျော်အမြတ် ရရှိမည်ဟု ယင်းဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က မတ်လ ၁၇ရက်က ပြောသည်။

၂၀၁၅ ခုနှစ်ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် ကိုယ်စားလှယ်များ၏ ထောက်ပြ ဆွေးနွေးချက်များကို ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ၎င်းက လာရောက် ရှင်းလင်းပြောကြားခြင်းဖြစ်သည်။

သတင်း နှင့် စာနယ်ဇင်း၏ အမြတ်ဝင်ငွေသည် ကွဲပြားခြားနားမှုများ ဖြစ်ပေါ်နေကြောင်း အလုံမဲဆန္ဒနယ်မှ ဦးခိုင်မောင်ရည်က ထောက်ပြထားသောကြောင့် လာရောက် ရှင်းလင်းရှင်းဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ သတင်းစာရောင်းရငွေ၊ ကြော်ငြာခနှင့် အထွေထွေ ဝင်ငွေတို့မှ နှစ်စဉ် အသားတင်အမြတ်ငွေမှာ ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ နှစ်စဉ် ၆ ဘီလီယံကျော်ရရှိခဲ့ပြီး ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၏ ဒီဇင်ဘာလအထိတွက် ချက်ထားရာတွင် ၈ ဘီလီယံကျော် အမြတ်ရရှိထားပြီ ဖြစ်ကြောင်း ဦးရဲထွဋ်က ပြောသည်။

လုပ်ငန်းသုံးကုန်ကျစရိတ်များကို ခုနှိမ်ပြီးရရှိလာသော အဆိုပါ အသားတင် အမြတ်ငွေများကို ၂၀၁၂ ခုနှစ်အထိ အမြတ်ငွေ ၃၀ ရာခိုင်နှုန်းကို ဝင်ငွေခွန်ပေးဆောင်ပြီး၊ ကျန် ၇၀ ရာခိုင်နှုန်းကို နိုင်ငံတော်သို့ပေးသွင်းခဲ့ကြောင်း၊၂၀၁၃ ခုနှစ်မှ ယခုနှစ်၂၀၁၄-၂၀၁၅ ခုနှစ်( ၃ နှစ်) အတွင်း အသားတင်အမြတ်၏ ၂၅ ရာခိုင်နှုန်းကို ဝင်ငွေခွန်အဖြစ်လည်းကောင်း နိုင်ငံတော်သို့ပေးသွင်းငွေကို ၂၀ ရာခိုင်နှုန်းအထိသာ ပေးသွင်းခဲ့ပြီး ကျန် ၅၅ ရာခိုင်နှုန်းကို ဝန်ကြီးဌာန၏ ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေ (လုပ်ငန်းသုံးရင်းနှီးငွေ) အဖြစ် သိမ်းဆည်းကာ လာမည့်ဘဏ္ဍာနှစ်များအတွက် ဆက်လက်သုံးစွဲနေကြောင်း ၎င်းကဆိုသည်။

လွှတ်တော်မှ ထောက်ပြပြောဆိုချက်အရ အမြတ်ငွေများ ဝိဝါဒကွဲပြားနေပါက ပြည်ထောင်စုစာရင်းစစ်ချုပ်အနေဖြင့် ကန့်ကွက်မှု ပေါ်ထွက်လာမည်ဖြစ်ပြီး လက်ရှိတင်ပြထားသော ငွေစာရင်းသည် သတင်းစာရောင်းချရငွေ၊ ကြော်ငြာခရငွေနှင့် အခြားဝန်ဆောင်မှုရငွေများကို တိတိကျကျစစ်ဆေးခံထားကြောင်း ဦးရဲထွဋ်ကပြောသည်။


Credit - Mizzima News

 
 

No comments:

Post a Comment