ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်တွင်းပို့ကုန် တိုးတက်လာရေးအတွက် ရေးဆွဲထားသော
အမျိုးသားပို့ကုန် မဟာဗျူဟာ (National Export Strategy) တစ်ရပ်ကို
ယခုလကုန်ပိုင်းအတွင်း ထုတ်ပြန်သွားမည်ဖြစ်ကာ အကောင်အထည်ဖော်မှုများကို
စတင်လုပ်ဆောင်တော့မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန
အကြံပေးပုဂ္ဂိုလ် ဒေါက်တာ မောင်အောင်က မဇ္ဈိမကို ပြောသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခု၌ ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
၎င်းအမျိုးသား ပို့ကုန်မဟာဗျူဟာ (National Export Strategy) ရေးဆွဲထားခြင်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို လုပ်ငန်းရှင်များနှင့် ပြည်သူများထံ တင်ပြခြင်းကို နေပြည်တော်နှင့် ရန်ကုန် နှစ်နေရာတွင် ကျင်းပသွားမည်ဟု ဆိုသည်။ နေပြည်တော်၌ ဆောင်ရွက်ခြင်းကို မတ်လ ၂၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်း များကိုလည်း ဖိတ်ခေါ်ထားသည်ဟု ၎င်းက မတ်လ ၁၆ ရက်တွင် ပြောသည်။
ဒေါက်တာ မောင်အောင်က ''ဘဏ္ဍာနှစ်အစမှာ အကောင်အထည်ဖော်တာတွေ လုပ်နိုင်အောင် အခုမတ်လကုန်မှာ ချပြသွားဖို့ လုပ်ထားပါတယ်။ မြန်မာနိုင်ငံကို National Export strategy နဲ့ပတ်သက်ပြီး ကူညီမယ့်အဖွဲ့အစည်းတွေလည်း ရှိနေတော့ သူတို့နဲ့ လက်တွဲပြီးအကောင်အထည်ဖော်သွားရမှာပါ''ဟု ပြောသည်။
ထိုသို့ဆောင်ရွက်ပြီးချိန်တွင် ရန်ကုန်မြို့၌ မတ်လ ၃၀ နှင့် ၃၁ ရက်များတွင် လူထုထံ တင်ပြခြင်းများကို ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်သည်။ ထို့အပြင် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များအတွက် လုပ်ငန်းရှင်များထံမှ အကြံပြု ချက်များကိုလည်း ရယူသွားမည်ဟု ဒေါက်တာမောင်အောင်က ဆက်ပြောသည်။
မြန်မာနိုင်ငံသည် ယခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ပြီးခဲ့သည့်ဘဏ္ဍာနှစ်ထက် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သုံးဘီလီယံနီးပါးကျော်လွန် ရရှိထားသည်။ သို့သော် ပို့ကုန်ပိုင်း၌ ပြီးခဲ့သည့်ဘဏ္ဍာနှစ်များအောက် နှစ်စဉ်ကျဆင်းလာလျက်ရှိရာ အမျိုးသား ပို့ကုန်မဟာဗျူဟာ တစ်ရပ်ဖြင့် ဆောင်ရွက်ရန် လိုအပ်နေခြင်းဖြစ်သည်ဟု ပြည်တွင်းလုပ်ငန်းရှင်များက ပြောထားသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် MRF အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ''တကယ်တမ်း ပြည်တွင်း ထုတ်ကုန်ပိုင်း ပြန်ပြီးအားကောင်းလာဖို့က ကဏ္ဍအသီးသီးမှာ စနစ်တကျ ပြန်လုပ်မှဖြစ်မှာပါ။ ဆန်စပါးကဏ္ဍဆိုရင်လည်း ဘယ်လိုလုပ်ရမယ်ဆိုတာကို အသင်းအနေနဲ့ ဗျူဟာရေးထားပြီးဖြစ်ပါတယ်။ အဲဒီလိုသွားမှသာ ပို့ကုန်ကဏ္ဍတွေက ပြန်ပြီး အားကောင်းလာမှာပါ''ဟု မဇ္ဈိမကို ပြောသည်။
ယခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏသည် ဧပြီ ၁ ရက်မှ မတ်လ ၆ ရက်အထိ ကန်ဒေါ်လာ ၂၅,၅၁၉ သန်းကျော် ကုန်သွယ်ထားနိုင်သည်။ သို့ရာတွင် ပို့ကုန်အားနည်းနေသဖြင့် ကန်ဒေါ်လာ ငါးဘီလီယံကျော် လိုငွေပြနေ သည်ဟု စီးပွား/ကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးနှင်းဦးက ''National Export Strategy ဆိုတာကို ရေးဆွဲထား ပေမယ့် အဲဒါကို တကယ်တမ်း အကောင်အထည်ပေါ်လာအောင် ဆောင်ရွက်ဖို့လည်း လိုသေးတယ်။ တကယ်တမ်း အကောင်အထည်ပေါ်အောင် မလုပ်နိုင်ရင် ဘာမှအကျိုးဖြစ်လာမှာတော့ မဟုတ်ဘူး'' ဟု ၎င်း၏ အမြင်ကို ပြောသည်။
မြန်မာနိုင်ငံ၏ အမျိုးသားပို့ကုန်အဖြစ် ဦးစားပေးဆောင်ရွက်ရန် ဆန်၊ ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံများ ထုတ်လုပ်မှု ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ၊ ရေထွက်ကုန်ပစ္စည်းကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ၊ သစ်နှင့် သစ်တောထွက် ပစ္စည်းကဏ္ဍ စသည့် အဓိကကုန်စည် ခြောက်မျိုးကို ရွေးချယ်ထားသည်။ ရော်ဘာကိုလည်း ရေရှည်စီမံကိန်းအဖြစ် ရွေးချယ်ထားခြင်း ဖြစ်သည်။
ဝန်ဆောင်မှုကဏ္ဍတွင် ဟိုတယ်နှင့်ခရီးသွားကဏ္ဍကို ရွေးချယ်ထားပြီး ၎င်းကုန်စည်များနှင့် ဝန်ဆောင်မှုကဏ္ဍများ တိုးမြှင့်လာရေးအတွက် လိုအပ်သည့် အထောက်အကူပြုကဏ္ဍလေးမျိုးတို့၏ လုပ်ဆောင်ရန် လိုအပ်ချက်များကို ထည့်သွင်း ရေးဆွဲထားခြင်းဖြစ်သည်။ သို့ဖြစ်ရာ ဗျူဟာတွင် ရေးဆွဲထားသည့် လုပ်ငန်းစဉ်များအတိုင်း ပို့ကုန်တိုးမြှင့်ရေး ဆောင်ရွက် သွားရမည်ဟု ဒေါက်တာ မောင်အောင်က ဆက်လက်ပြောသည်။
Credit - Mizzima News
No comments:
Post a Comment