စစ်ကိုင်း (မဇ္ဈိမ)။ ။ စာပေဟောပြောပွဲတွင် ပြောခဲ့သည့် ဟောပြောချက်
အချို့မှာ ဘာသာ၊ သာသနာကို ညှိုးနွမ်းမှု ဖြစ်ပေါ်စေသည်ဟု ဆိုကာ
တရားစွဲဆိုခံထားရသော ဦးထင်လင်းဦးကို မတ်လ ၁၇ ရက်က ၎င်း၏ ၁၁
ကြိမ်မြောက်ရုံးချိန်းတွင် အပြစ်ရှိသည်ဟုဆိုကာ စွဲချက်တင်ရန်
အမိန့်ချလိုက်ပြီ ဖြစ်သည်။

(ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)
ဦးထင်လင်ဦးသည် ငါးကြိမ်မြောက် ရုံးချိန်းဖြစ်သော ဇန်နဝါရီ ၁၅ ရက်တွင် ဆရာတော်၊ သံဃာတော်များထံ ဝန်ချတောင်းပန်ပြီး ဖြစ်သောကြောင့် မတ်လ ၁၇ ရက်တွင် လွှတ်မည်ဟု ခန့်မှန်းထားသော်လည်း ချောင်းဦးမြို့နယ် တရားရုံးက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ၂၉၅ (က) (ဘာသာသာသနာကိုဖြစ်စေ၊ ဘာသာသာသနာ ယုံကြည်မှုကိုဖြစ်စေ၊ နာကြည်းစေရန် တမင်ကြံရွယ်ခြင်း)၊ ၂၉၈ (ဘာသာရေး စိတ်ကို နာစေရန်တမင် ကြံရွယ်၍ စကားပြောဆိုခြင်း) ပုဒ်မနှစ်ခုဖြင့် အပြစ်ရှိသည်ဟုဆိုကာ စွဲချက်တင် အမိန့်ချ လိုက်ခြင်းဖြစ်ပြီး ယင်းသို့ ဆောင်ရွက်ခြင်းသည် ဥပဒေအထက်တွင် ဖိအားရှိနေခြင်းကြောင့်ဖြစ်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်နေသူ အထက်တန်းရှေ့နေ ကိုဆန်းထွန်းအောင်က မဇ္ဈိမကို ပြောသည်။
ကိုဆန်းထွန်းအောင် က "ဦးထင်းလင်းဦးက တောင်းပန်ပြီးပြီ ဒီနေ့အပြီးသတ် အမိန့်ချရမှာပါ။ ဒဏ်ငွေရိုက်ပြီး လွှတ်ပေးရမယ်။ ဒါပေမယ့် ဒီနေ့မှာ အဲဒီလိုမဟုတ်ဘဲ အပြစ်ရှိတယ်ဆိုပြီး အမိန့်ချတာဟာ ဥပဒေအထက်မှာ ဖိအားရှိနေလို့ဖြစ်တယ်။ ဒါဟာ ဥပဒေကြောင်း အရ ပြောတာပါ။ ဖိအားက ဥပဒေကို ကျော်လွန်နေပါတယ် ။ ဖိအားရှိလာရင် ကျွန်တော်တို့ ဥပဒေသမားတွေမှာ လည်း ဖြေရှင်းရခက်ပါတယ်" ဟု ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦး မြို့နယ်၊ သုံးပန်လှကျေးရွာတွင် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၇ ရက်က ဦးဝိစာရ
အထိမ်းအမှတ်နေ့ စာပေဟောပြောပွဲတွင် ဦးထင်လင်းဦး၏ ဟောပြောချက် အချို့မှာ ဘာသာ၊ သာသနာ ညှိုးနွမ်းစေမှု ကို ဖြစ်ပေါ်စေသည်ဟုဆိုကာ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနဦးစီးမှူး ဦးဦးထွန်းထွန်းခိုင်က တရားလိုပြုလုပ်၍ တိုင်ကြားခဲ့သောကြောင့် ဒီဇင်ဘာ ၁၇ ရက်တွင် ချောင်းဦးမြို့နယ် တရားရုံးမှ တရားစွဲခံရပြီး အာမခံမရဘဲ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ဦးထင်လင်ဦးက "ဘာသာတရားတစ်ခုကို တကယ်နှစ်နှစ်ကာကာ သက်ဝင်ယုံကြည်ပြီးတော့ ကိုယ့်ဘာသာ ထိခိုက်မှာစိုးလို့ ချို့ယွင်းချက်တွေကို ထောက်ပြဝေဖန်ပြီး ကောင်းအောင် မြှင့်တင်နေတဲ့ လူတစ်ယောက်ကို ပြစ်မှားတယ်ဆိုလို့ရှိရင်
ကျွန်တော်ကတော့ အကြွေးပြန်မတောင်းဘူး။ ဒါပေမယ့် သံသရာကမနေပါဘူး" ဟု မဇ္ဈိမကို ပြောသည်။
"အတိတ်ကံအကျိုးကြောင့် ကျွန်တော်ဟာ အချုပ်အနှောင်ခံနေရတယ်။ သံတိုင်နောက်ကို ရောက်နေ တယ်လို့ မှတ်ယူထားတယ်။ ကျွန်တော်ဟာ အမှန်တရားကိုပဲ လုပ်ထားတဲ့အတွက် အမှုကို ရင်ဆိုင်နေတယ်။ အမှားအမှန် ပေါ်ပါလိမ့်မယ်" ဟုလည်း ၎င်းက ဆက်ပြောသည်။
မတ်လ ၂၄ ရက်တွင် တရားလိုပြ သက်သေ ငါး ဦး၊ တရားလိုသက်သေ တစ်ဦးတို့အား စစ်ဆေးသွားမည်ဟု ကိုဆန်းထွန်းအောင် က ပြောသည်။
"နောက်ထပ် သုံးချိန်းလောက်ဆိုရင်တော့ ပြီးပါပြီ။ လွတ်ဖို့တော့ မရှိတော့ဘူး။ ထောင်ကတော့ ကျမှာပဲ။ ဘာဖြစ်လို့ ဒီလိုပြောရသလဲဆိုရင် ဘေးပယောဂ ရှိနေလို့ပါပဲ" ဟု ကိုဆန်းထွန်းအောင်က ပြောသည်။
Credit - Mizzima News
No comments:
Post a Comment