Friday, March 20, 2015

ပို့ဆောင်ရေး ဝန်ကြီး နုတ်ထွက်ရမှာလား (အယ်ဒီတာ့ထံပေးစာ)

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ လင်းသာရွာက မအေးနုစံ (အမည်လွှဲ) ရဲ့ ပေးစာတစ်စောင်ကို မဇ္ဈိမစာဖတ်သူ ကဏ္ဍက လက်ခံရရှိခဲ့ပါတယ်။ သူရေးခဲ့တာကတော့ မတ်လ ၁၃ ရက် ည ၁၀ နာရီခန့်က ကျောက်ဖြူနဲ့ မြေပုံအကြား နစ်မြုပ်မှုဖြစ်ပွားခဲ့တဲ့ အောင်တံခွန် ၃ သင်္ဘော နစ်မြုပ်မှုနဲ့ ပတ်သက်လို့ ပြည်သူတစ်ယောက်ရဲ့ အမြင်နဲ့ ဒေသအပေါ်ထားတဲ့ စေတနာကို ဖော်ပြရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ခဲ့ရတာဟာ ဘယ်သူ့မှာ တာဝန်ရှိလဲ၊ ဘယ်လို တာဝန်ယူစေချင်ကြသလဲ ဆိုတာတွေကို ရေးသားထားတာကလည်း စိတ်ဝင်စားစရာပါ။

သူဟာ ရခိုင်ပြည်နယ်မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ရခိုင်လူမျိုး တစ်ဦးဖြစ်ပြီး သူ့ဒေသကို အလွန်ခင်တွယ်ခဲ့လို့ ဘယ်အရပ်ဒေသကိုမှ သွားလိုတဲ့စိတ်မရှိခဲ့ သူတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အခုလို ကိုယ့်ဒေသမှာ ကျောင်းဆရာမ မလုပ်ခင် လေးနှစ်ကျော် ဒေသနဲ့ ခွဲခွာပြီး နေခဲ့တဲ့အချိန် ရှိခဲ့ပါတယ်တဲ့။ အဲဒါကတော့ ဆယ်တန်းအောင်ပြီး ရခိုင်ပြည်နယ်မှာပဲ တက္ကသိုလ်တက်ရင် ဟောင်းနွမ်းပြီး လူနဲ့ ကုန်အဆမတန် တင်တဲ့ အောင်တံခွန်သင်္ဘောကြီးကို စီးရမှာကြောက်လို့  ရန်ကုန်မှာ တက္ကသိုလ်သွားတက်ခဲ့ရတဲ့ အချိန်တွေပါပဲလို့ ပြောပါတယ်။

အောင်တံခွန် ၃ သင်္ဘောနစ်မြုပ်ရတာ လူနဲ့ ကုန်ပစ္စည်းတွေ အဆမတန်တင်လို့ ဖြစ်ရတဲ့အကြောင်း ပြောကြ၊ ရေးကြတာကို ကြားရ ဖတ်ရပါတယ်။ ဒီသင်္ဘောနဲ့ ခရီးသွားဖူးတဲ့ သူ့အတွေ့အကြုံနဲ့ ပြောရရင် ပို့ဆောင်ရေးက လက်မှတ်ရောင်းရင် သင်္ဘောရဲ့ ခံနိုင်ဝန်ရှိတဲ့ လူဦးရေနဲ့ ကုန်တန်ချိန်ကို သတ်မှတ်ရောင်းတာ၊ တင်တာမျိုး မဟုတ်ဘဲ ဝယ်သမျှ ခရီးသွားလက်မှတ်ရောင်းပြီး တင်သမျှကုန်တွေကို လက်ခံခဲ့တာပါ။ ဒီအတွက် ရတဲ့ဝင်ငွေကျတော့ ဘဏ္ဍာငွေထဲ ဝင်တာမဟုတ်ဘဲ လက်မှတ် ၃၀၀ ရောင်းရရင် ၁၀၀ လောက်ပဲ စာရင်းပြ ခဲ့ကြတယ်ဆိုတာ အဲဒီမှာလုပ်နေတဲ့ ဝန်ထမ်းရဲ့ မိသားစုဝင်တစ်ယောက်က ပြောဖူးလို့ သိခဲ့ရတာပါလို့ ဆိုပါတယ်။

ဒီလိုအန္တရာယ်ရှိစွာနဲ့ ပြေးဆွဲနေတာ အနှစ် သုံးဆယ်ကျော်အတွင်းမှာ တာဝန်ရှိတဲ့ ဌာနဆိုင်ရာတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ဟာ ရခိုင်ပြည်နယ်က ပြည်သူတွေရဲ့ အသက်အန္တရာယ် ဖြစ်မယ့်ကိစ္စမျိုးကို သတိမမူမိခဲ့ကြတာ၊ ပြည်သူတွေ ခရီးသွားလာမှု အဆင်ပြေချောမွေ့ဖို့ အသေအချာ မစီမံနိုင်ခဲ့ကြတာကို တွေးလိုက်တိုင်း အံ့သြမိပါတယ်။ သူတို့ရောက်တဲ့နေရာ၊ ရတဲ့ ရာထူးတာဝန်တွေက ပြည်သူတွေအတွက် တကယ်လိုအပ်ချက်ရှိတာတွေကို လုပ်ပေးဖို့ ရွေးချယ်ခဲ့ကြတာ၊ ခန့်ထားခဲ့ကြတာကို ဘာကြောင့် မလုပ်ခဲ့ကြတာလဲ၊ မလုပ်နိုင်ရတာလဲလို့ ရေးပါတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသ၊ ကိုယ့်နယ်က ပြည်သူတွေအတွက် စဉ်းစားပေးလိုတဲ့စိတ် မရှိကြဘူးလားလို့ မေးရင် ကျွန်မရိုင်းသလို ဖြစ်နေမယ်လို့ ဆိုပါတယ်။

သင်္ဘောမှာ လိုက်ပါခဲ့တဲ့ သူတို့ရွာက ကျောင်းဆရာတစ်ဦးရဲ့ ပြောစကားများအရ လူဦးရေ ၃၀၀ ကျော် လိုက်ပါလာခဲ့ပြီး သင်္ဘောကုန်းပတ်မှာ ဆန်အိတ်တွေ တင်လို့ ဝမ်းထဲမှာ ဘိလပ်မြေနဲ့ သံချောင်းတွေ အမြောက်အမြား တင်ထားရုံမကဘဲ ရခိုင်မဟာဓာတ်အားလိုင်းမှာ အသုံးပြုမယ့် ကွန်ကရစ်တိုင်တွေလည်း တင်ခဲ့တာကြောင့် လူနဲ့ပစ္စည်းတွေ တင်တာ ဘယ်လောက်များလဲဆိုရင် သင်္ဘောကုန်းပတ်နဲ့ ပင်လယ်ရေ မျက်နှာပြင်ဟာ တစ်ထွာကျော်ပဲ ရှိတော့တယ်လို့ ပြောကြောင်း သူက ဆိုပါတယ်။

ဒီလိုအခြေအနေမျိုးကို တာဝန်ရှိသူတွေအနေနဲ့ ရသမျှ လက်မှတ်ဝင်ငွေနဲ့ ကုန်တင်ဝင်ငွေကိုပဲ ကြည့်ပြီး ကုန်ပစ္စည်းနဲ့ လူဦးရေကို သတ်မှတ်ထားတဲ့အတိုင်း တင်ဆောင်မှုရှိ မရှိ စစ်ဆေးခဲ့ရင် ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံခဲ့ရမှာ မဟုတ်ပါဘူးတဲ့။ သင်္ဘောမှာ လိုက်ပါလာတဲ့ ဝန်ထမ်းတွေအနေနဲ့လည်း သင်္ဘောအန္တရာယ် ဖြစ်နေတာကို ကြိုသိနေရက်နဲ့ ခရီးသည်တွေကို ကြိုတင်အသိမပေးဘဲ နေခဲ့တာကလည်း အကြင်နာကင်းမဲ့ လိုက်ကြတာလို့ ပြောပါတယ်။ တခြားနိုင်ငံတွေမှာဆို ဒီလိုအဖြစ်အပျက်မျိုးတွေဖြစ်လာခဲ့ရင် တာဝန်ရှိတဲ့ ဝန်ကြီးနဲ့ ဌာနဆိုင်ရာတွေ နုတ်ထွက်တာမျိုး၊ အစိုးရအဖွဲ့ နုတ်ထွက်တာမျိုး လုပ်ကြပါတယ်။ ဥပမာပြောရရင် ကိုရီးယားမှာ ကျောင်းသားတွေပါတဲ့ သင်္ဘောနစ်မြုပ်မှုအပေါ် ပို့ဆောင်ရေးဝန်ကြီး နုတ်ထွက်သွားခဲ့ပါတယ်။

အခုသင်္ဘောနစ်မြုပ်ပြီး လူတွေ အများကြီး သေတာမှ အပြစ်မရှိရင် ဘယ်လိုအကြောင်းအရာမှတာဝန်မရှိဘူးလို့ ယူဆထားကြတယ်လို့၊ ရခိုင်ပြည်သူတွေ မှတ်ယူလိုက်ကြပါ့မယ်လို့ စာနာစိတ်နဲ့ မချိတင်ကဲဖြစ်လို့ ရေးလာတဲ့ စာကို ဖော်ပြလိုက်ပါတယ်။


Credit - Mizzima News

No comments:

Post a Comment