Friday, March 20, 2015

ကျောင်းသားထု တောင်းဆိုခဲ့သော သမဂ္ဂဖွဲ့စည်းခွင့် လွတ်လပ်စွာ တန်းတူရည်တူ ပညာသင်ကြားခွင့် များ ပါဝင်သည့် အမျိုးသားပညာရေး ဥပဒေကြမ်း အမျိုးသားလွှတ်တော်သို့ တင်သွင်း

နေပြည်တော် (မဇ္ဈိမ) ။ ။ လက်တွေ့ပညာသင်ကြားနေသော ကျောင်းသားတို့နှင့် တိုင်ပင်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့သော ပညာရေးဝန်ကြီးဌာန ဦးဆောင်ရေးဆွဲခဲ့သည့် အမျိုးသားပညာရေးဥပဒေအား ကျောင်းသားထုက မကျေနပ်၍ ဆန့်ကျင်ဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်းများကြောင့် အမျိုးသားလွှတ်တော်ရှိ ဥပဒေကြမ်းကော်မတီမှ ကြားဝင် ညှိနှိုင်းကာ ယင်းဥပဒေအား ဆောလျင်စွာပြင်ဆင်ပြီး ယနေ့အမျိုးသားလွှတ်တော်သို့ ပြင်ဆင်သည့် ဥပဒေကြမ်း အစီရင်ခံစာအား တင်သွင်းခဲ့သည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာမြတ်ဥာဏစိုးက “ နိုင်ငံသူ နိုင်ငံသားအားလုံး ပညာရေးတွင် တန်းတူရည်တူတိုးတက် ခံစားခွင့်ရရှိစေမည့်  အခွင့်အလမ်းပွင့်မည့် ပညာရေးစနစ် တစ်ခုကို ဦးတည်၍ ပြည်သူများ၏ အကျိုးဖြစ်ထွန်းစေခြင်းဌာ အမှန်တကယ်လိုက်နာ ကျင့်သုံးနိုင်သည့် ဥပဒေ ဖြစ်စေရန်အတွက် အစီရင်ခံစာကို ပြုစုတင်ပြအပ်ပါတယ်” ဟု အမျိုးသားလွှတ်တော်တွင် ပြောသည်။

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းရေးဆွဲရန် အတွက် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော် မတီဝင် ကျောင်းသား ၉ ဦး၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက်(NNER) မှ ပုဂ္ဂိုလ် ၂၀ ဦး၊ ကျောင်းသားလှုပ်ရှားမှု စစ်ကြောင်းကို ကူညီပေးခဲ့သော ပြည်သူ ၄ ဦး၊ နိုင်ငံရေးပါတီများမှ  ကိုယ်စားလှယ် ၃၄ ဦးတို့နှင့် မတ်လ ၅ ရက်မှ မတ်လ ၁၇ ရက်နေ့ထိ ကြားနာခဲ့သည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဖြစ်သူ ဦးခင်မောင်ရီက “ကျောင်းသားကိုယ်စားလှယ်များ၏ တင်ပြချက်များကို အဓိကအခြေခံ၍ စဉ်းစားကာ  လက်ခံသင့်တဲ့ ပြဌာန်းချက် ၁၃ ချက်၊ ဥပဒေနှင့်အညီ ပြုပြင် ရေးသားသင့်သည့် ပြဌာန်းချက် ၂၅ ချက် စကားရပ်အစားထိုး ပြင်ဆင်သင့်သည့် ပြဌာန်းချက် ၂၄ ချက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများနှင့် မညီညွတ်သည့် ပြဌာန်းချက် ၁၉ ချက် စတဲ့ကဏ္ဍတွေ ခွဲခြား ရရှိခဲ့ပါတယ်” ဟု ရှင်းပြသည်။

 ပုဒ်မ ၄၊ ပုဒ်မခွဲ (က)၏ အထက်တွင် ပုဒ်မခွဲ(က)၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲ( ဂ) တို့အဖြစ် ဖြည့်စွက်ရမည်ဟု ဖော်ပြထားရာ ပုဒ်မခွဲ(ဂ) တွင် “အဆင့်မြင့်ပညာကျောင်းများတွင် ဆရာသမဂ္ဂများနှင့် ကျောင်းသားသမဂ္ဂများကို သက်ဆိုင်ရာ တက္ကသိုလ်ပဋိညာဉ်နှင့် အညီ လွတ်လပ်စွာဖွဲ့စည်း တည်ထောင်မှု လှုပ်ရှားခွင့်ရှိရေး” ဟု ပါရှိသည်။

ထို့အပြင် ပုဒ်မ ၄ ၏ ပုဒ်မခွဲ(ဋ) တွင် တက္ကသိုလ်ဝင်ခွင့်အတွက် သင်ယူလိုသည့် ဘာသာရပ်နှင့်တက္ကသိုလ်ကို သင်ယူသူကိုယ်တိုင် ရွေးချယ် လျှောက်ထားခွင့်ရှိပြီး တက္ကသိုလ်ဝင်ခွင့်သည် အခြေခံပညာအထက်တန်း စာမေးပွဲ ရမှတ်ဖြင့်သာ ဆုံးဖြတ်ခြင်းမဟုတ်ဘဲ တက်ရောက်မည့် တက္ကသိုလ်၏ လိုအပ်ချက်အရ စိစစ်ရွေးချယ် သည့် စနစ်ထားရှိရေး ပြဌာန်းချက်လည်း ပါဝင်လာခဲ့သည်။

ကျောင်းသားများ တောင်းဆိုချက်တစ်ခုဖြစ်သော တက္ကသိုလ်ကောင်စီနှင့် ပတ်သက်၍လည်း တက္ကသိုလ်ကောင်စီတွင် သက်ဆိုင်ရာ တက္ကသိုလ်၏ ပါမောက္ခချုပ်၊ ဒု-ပါမောက္ခချုပ်များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ ဌာနမှူးများ၊ စီမံ-ဘဏ္ဍာဆိုင်ရာ တာဝန်ရှိသူများ၊ တက္ကသိုလ်ဆရာသမဂ္ဂ၏ ကိုယ်စားလှယ်၊ ကျောင်းသားသမဂ္ဂမှ အမည်စာရင်းတင်သွင်းသော ဘွဲ့ရပုဂ္ဂိုလ်များ၊ အများယုံကြည်လေးစားသည့် ပုဂ္ဂိုလ်များ နှင့် အမှီအခိုကင်းသော ပညာရှင်များ ပါဝင်၍ သက်ဆိုင်ရာတက္ကသိုလ် ပဋိညာဉ်အရ ဖွဲ့စည်းသည့် ကောင်စီကိုဆိုသည် ဟု ဖော်ပြပါရှိသည်။

ကျောင်းသားများ တောင်းဆိုသည့် အချက် ၁၁ ချက်မှ တစ်ခု အပါအဝင်ဖြစ်သော ပညာရေးအသုံးစရိတ်ကို လည်း ပြင်ဆင်သည့်ဥပဒေကြမ်း၏ အပိုဒ် ၅၀၊ အပိုဒ်ခွဲ (က) တွင် “ နိုင်ငံ၏ ပညာရေးအသုံးစရိတ်ကို ငါးနှစ် အတွင်း တစ်နိုင်ငံလုံး အသုံးစရိတ်၏ နှစ်ဆယ်ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲနိုင်ရန် ရည်မှန်းဆောင်ရွက် ရမည် ဆိုသည့်အချက်ကို နိုင်ငံရေးပါတီ လေးခုနှင့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီတို့ပါ သဘော တူညီခဲ့သည်။


Credit - Mizzima News

No comments:

Post a Comment