Friday, March 20, 2015

ဆန်ဖိုးကျပ်သိန်း (၁၅၀၀) မပေးချေသည့်ကိစ္စ ကြံ့ခိုင်ရေး ကိုယ်စားလှယ် ပြန်လည်ရှင်းလင်း

 ရန်ကုန်၊ မတ် (၁၃)

မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ-၃၊အမှတ် (၄၉)၊ စာမျက်နှာ(၁၁) တွင် ဖော်ပြပါရှိခဲ့သည့် ““ဆန်ဖိုးငွေ ကျပ်သိန်း (၁၅၀၀) မပေးသည့်အတွက် ပွဲရုံပိုင်ရှင် ကြံ့ခိုင်ရေး ကိုယ်စားလှယ်နှင့် ဇနီးကို တရားစွဲမည်”” ဆိုသည့် သတင်းနှင့် ပတ်သက်၍ (၁၅.၈.၂၀၁၁)တွင် အမျိုးသမီးဖြစ် သူ ဒေါ်ခင်ခင်ရီနှင့် တရားဝင် ကွာရှင်းပြတ်စဲ ခဲ့ပြီး ဖြစ်သောကြောင့် ဒေါ်ခင်ခင်ရီသာ အဆိုပါကိစ္စအားလုံးနှင့် သက်ဆိုင်ကြောင်း ကြံ့ခိုင်ရေးပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အေးက မတ်လ(၁၃)ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြော သည်။

ဘိုကလေးမြို့ရှိ ဆန်စက်ပိုင်ရှင် ဦးသန်းစိုး၊ ကုန်သည်ဦးဇော်မင်းနှင့် လယ်သမား ကိုတင့်ဇော်ဦးတို့က ၎င်းတို့ပိုင် ဆန်အိတ်များကို ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ဦးမောင်မောင်အေးနှင့် ဇနီးဖြစ်သူ ဒေါ်ခင်ခင်ရီတို့ ပိုင်သည့် ရဲရင့်အောင်ပွဲရုံသို့ တင်ပို့၍ တစ်ဆင့် ရောင်းချခိုင်းရာ ၂၀၁၄ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလ များတွင် ယင်းပွဲရုံထံမှ ရရှိမည့် ဆန်ရောင်းချရငွေ ကျပ်သိန်း(၁၅၀၀)အား မပေးချေတော့ဘဲ နိုဝင်ဘာလ တွင် ပွဲရုံပိုင်ရှင် ဒေါ်ခင်ခင်ရီက တိမ်းရှောင်သွားသည့်အတွက် ပွဲရုံပိုင်ရှင်များအား တရားစွဲဆိုရန် ပြင်ဆင် နေခြင်းအပေါ် ဦးမောင်မောင်အေးက ၎င်းနှင့် မသက်ဆိုင်ကြောင်း ရှင်းလင်းပြောဆိုခြင်းဖြစ်သည်။

““ဦးနဲ့ ပြဿနာဖြစ်လို့သာ ဦးက သူ့ပွဲရုံကြီးကို ဒီအတိုင်းထားပြီးတော့ သွားတယ်ဆိုလို့ ပွဲရုံက ကလေးတွေက ဆက်လို့ တစ်လလောက် သွားပြီးတော့ ရှင်းပေးလိုက်။ ဦးက ဆန်ကုန်စည် ဒိုင်ကြီးကို တည်ထောင်ခဲ့တဲ့ ဟာကျတော့ ဦးရဲ့ဆန်ကလေးဆိုတော့ ဟိုဥစ္စာဖြစ်တာပါ။ ပေးစရာမရှိဘူး။ ကိုယ့်ရှိတဲ့ ဟာလေး ပေးလိုက်တာ။ ဦးက သိန်း ၁၅၀ ပေးလိုက်တာ။ ကုန်စည်ဒိုင်က ကုန်စည်နဲ့ အသင်းသူအသင်းသားတွေက ရှင်းသွားတာ”” ဟု ကြံ့ခိုင်ရေး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အေး က မြန်မာသံတော်ဆင့်ကို ပြောသည်။

ယခင်က ရဲရင့်အောင် ပွဲရုံပိုင်ရှင် ဦးမောင်မောင်အေးသည် ၀ါးတန်းဆန်ကုန်စည်ဒိုင်တွင် ဒုဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်အဖြစ် ဘိုကလေးမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဖြစ် လာသည့်အချိန်တွင် ဇနီးဖြစ်သူ ဒေါ်ခင်ခင်ရီနှင့် (၁၅.၈.၂၀၁၁) ရက်တွင် တရားဝင် ကွာရှင်းပြတ်စဲခဲ့ပြီးနောက် ဆန်ပွဲရုံလုပ်ငန်းများကို အပြီးအပိုင် လွှဲပြောင်းခဲ့ပြီး ဖြစ်ကြောင်း မတ်လ(၆)ရက်တွင် ဦးမောင်မောင်အေး က မြန်မာသံတော်ဆင့်သို့ ပြန်လည်ရှင်းလင်း ရေးသား ပေးပို့ထားသည်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ဒေါ်ခင်ခင်ရီက ထွက်ပြေး တိမ်းရှောင် သွားသည့်အတွက် ဦးမောင်မောင်အေးက ၀ါးတန်း ဆန်ကုန်စည် ဒိုင်အား ဖြစ်ပေါ်နေသော ပြဿနာရပ်များ ပြေလည်စေရန်သိန်း ၁၅၀ ကျပ်ကို ပေးချေခဲ့ပြီး ဆန်ကုန်စည်ဒိုင်နှင့် အသင်းသားများက သိန်း (၂၀၀)ကျပ်စိုက်၍ စုစုပေါင်း သိန်း(၃၅၀)ကျပ်ဖြင့် ရန်ကုန်ရှိ ဆန် ကိုယ်စားလှယ် များထံ ခွဲဝေပေးခဲ့သည်။

““၂၀၁၂ မှာ သူတို့လင်မယားနဲ့ ဖွင့်ထားတဲ့ ဘောက်ချာတွေလည်းရှိတယ်။ သူတို့ လင်မယားနှစ်ယောက် ပေါင်းလိမ်လို့ပဲ ရန်ကုန်ပိုက်ဆံ တချို့ကို လျော်ပေးလိုက်ပြီလေ။ ကွဲတယ်ဆို ၂၀၁၂ဘောက်ချာထဲမှာ သူတို့လင်မယား နှစ်ယောက် ဘာလို့ထည့်နေရမှာလဲ။ သူတို့ကုန်စည်ဒိုင်မှာ တစ်ဝက် ရှင်းပေးတယ်။ သူနဲ့ မဆိုင်ဘူးဆို ဘာလို့ရှင်းပေးမှာလဲ။ အဲဒါကတော့ ကလိမ် လုပ်တာဘဲနေမှာပေါ့။ မဆိုင်ဘဲနေမလား။ ကျွန်တော် တို့ ဘိုကလေး မြို့မှာ ဘုရားမီးတင်တော့ ဦးမောင်မောင်အေး လာတယ်။ ဆုံးရှုံးထားသူတွေ အနေနဲ့ အရမ်း မျှော်လင့်ပါတယ်။ ဒါပေမဲ့ ပွဲရုံပိုင်ရှင် လွှတ်တော် ကိုယ်စားလှယ်ဆိုပြီး အားကိုးမိလိုက်တာ ကျွန်တော်တို့ ဥပက္ခာပြုတာ ခံလိုက်ရတယ်။ လွှတ်တော် ကိုယ်စားလှယ်ဆိုတာ ကျွန်တော်တို့ သဘောပေါက်တာက ကိုယ့်မြို့နယ် ပြည်သူတွေရဲ့ အခက်အခဲကို ဖြေရှင်းပေးဖို့ တာဝန်ရှိတယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ သာမန်ပြည်သူတွေ အနေနဲ့ပွဲရုံပိုင်ရှင်ဖြစ်တဲ့ လွှတ်တော် ကိုယ်စားလှယ်ကို တရားဥပဒေ အရ ဖြေရှင်းပေးဖို့ အခက်အခဲတွေ အများကြီးပဲ”” ဟုလယ်သမား ကိုတင့်ဇော်ဦး က မြန်မာသံတော်ဆင့် သို့ ပြောသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဘိုကလေးမြို့နယ် ဆန်စက်ပိုင်ရှင် ဦးသန်းစိုးက ယခုအချိန်တွင် တရားစွဲဆိုရန်သာ ပြင် ဆင် ဆောင်ရွက်နေ ကြောင်း မြန်မာ သံတော်ဆင့်သို့ ပြောသည်။

ရည်မွန်ဖြိုး

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald



No comments:

Post a Comment