Wednesday, March 18, 2015

လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ဟု ဦးရဲထွဋ်ဆို

နေပြည်တော် (မဇ္ဈိမ)။ ။ လာမည့် ၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာလတွင် ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်က ကြေညာထားသည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ဟု ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

U-Ye-Htut-Press-Conferenc



သမ္မတ၏ပြောရေးဆိုခွင့်ပုဂ္ဂိုလ်လည်းဖြစ်သူ ဦးရဲထွဋ်က "ကျွန်တော် ရွေးကောက်ပွဲဝင်ဖို့ မရှိပါဘူးဗျ၊ ကျွန်တော် ဘယ်ပါတီဝင်မှ မဟုတ်သလို ရွေးကောက်ပွဲဝင်ဖို့လည်း မရှိပါဘူး’’ ဟု မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ၂ဝ၁၅ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများကို ပြည်ထောင်စု အဆင့်ဝင်များက လာရောက်ရှင်းပြပြီး ခေတ္တနားချိန်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂ဝ၁၅ အလွန် နိုင်ငံရေး ရည်မှန်းချက်မရှိဘဲ ပေးအပ်ထားသည့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခြင်းသာ ဖြစ်သည်ဟုလည်း ဦးရဲထွဋ်က ဆက်လက်ပြောကြားသည်။

၎င်းက ''ကျွန်တော့်မှာ ဘာမှ နိုင်ငံရေးမျှော်မှန်းချက် မရှိပါဘူး၊ ပေးတဲ့တာဝန်ကို အကောင်းဆုံးကျေပွန်အောင် ထမ်းဆောင်တာ၊ ဒါကြောင့်မို့ ကျွန်တော့်မှာ ၂ဝ၁၅ အလွန်မှာ ဘာလုပ်မယ်ဆိုတာ မရှိပါဘူး’’ ဟု ဖြည့်စွက် ပြောသည်။

တပ်မတော်တွင် ဒုတိယ ဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သော ဦးရဲထွဋ်သည် ပြန်ကြားရေး ဝန်ကြီးဌာနတွင် ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယဝန်ကြီး စသဖြင့် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအချိန်တွင် ပြည်ထောင်စု ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည်။

Credit - Mizzima News

No comments:

Post a Comment