Tuesday, March 17, 2015

ရဲတပ်ဖွဲ့သိမ်းသွားသော အောင်မြေဗိမာန် ဆရာတော်၏ လက်ကိုင်ဖုန်းနှင့် ဝတ္ထုငွေများ တစ်ပတ်ကြာသည်ထိ ပြန်မရသေး

ရန်ကုန် (မဇ္ဈိမ)။ ။ သပိတ်မှောက် ကျောင်းသားများကို ကျောင်းတိုက်အတွင်းသို့ ဝင်ရောက်ပြီး ရိုက်နှက်ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင်များ  သိမ်းသွားသည့် အောင်မြေဗိမာန်ကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော်၏ တယ်လီဖုန်းနှင့် ဝတ္ထုငွေများကို တစ်ပတ်ကြာသည်ထိ လာရောက်အပ်နှံခြင်းမရှိသေးဟု ကာယကံရှင် ဆရာတော်က မိန့်ကြားသည်။

lapatan-1
လက်ပန်တန်းမြို့ရှိ သပိတ်မှောက် ကျောင်းသားများ တည်းခိုခဲ့သည့် အောင်မြေဗိမာန်ကျောင်းတိုက်အား တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)



မတ်လ ၁၀ ရက်တွင် သပိတ်စခန်းကိုဖြိုခွင်းပြီးနောက် ကျောင်းတိုက်အတွင်းသို့ ထွက်ပြေးခဲ့သည့် သပိတ်မှောက်ကျောင်းသားများကို ၀င်ရောက်ရိုက်နှက်ဖမ်းဆီးစဉ် ကျောင်းထိုင်ဆရာတော်၏ Huawei 610 အမျိုးအစား လက်ကိုင်ဖုန်းနှင့် ဖျာအောက်တွင်ထားသော ၀တ္ထုငွေ လေးသောင်း(ခန့်မှန်း)ကို ယူဆောင်သွားခြင်းဖြစ်သည်။ 

အောင်မြေဗိမာန်ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် ဦးအဂ္ဂ၀ံသက 'မရလောက်တော့ ဘူးထင်တယ်။ ဖုန်းဆက်ကြည့်တော့လည်း စက်ပိတ်ထားတယ်ပဲ အော်နေတယ်။ အပေါ်တက်ပြီး သိမ်းသွားတာ တပ်ရင်း ၁၁က ဖြစ်မယ်ထင်တယ်' ဟု မိန့်သည်။ 

 သပိတ်မှောက်ကျောင်းသား၊ ကျောင်းသူများကို နံပါတ်တုတ်ဖြင့် ရိုက်နှက်ဖမ်းဆီးခဲ့သည့်အပြင် ၄င်းတို့ပိုင်ဆိုင်သည့် လက်ကိုင်ဖုန်း၊ တက်ဘလက်နှင့် ငွေများကိုပါ အဆိုပါ ရဲတပ်ဖွဲ့ဝင်များက သိမ်းဆည်း သွားခဲ့သည်ဟု လည်း မျက်မြင်တွေ့ရသည့် ဆရာတော် ဦးအဂ္ဂ၀ံသက မိန့်ကြားသည်။ 

'ကလေး(ကျောင်းသား)တွေရဲ့ ပစ္စည်းလည်း ဘာတစ်ခုမှပြန်မရဘူးလေ။ ကောင်းတဲ့ပစ္စည်းတွေဆို အကုန်ယူသွားတာ' ဟု ဆရာတော်က မိန့်သည်။

လက်ပံတန်းမှ ရန်ကုန်သို့ ချီတက်မည့် ပင်မကျောင်းသားသပိတ်မှာ မတ်လ ၁၀ ရက် အကြမ်းဖက် ဖြိုခွင်းခံခဲ့ရသည်။

Credit - Mizzima News

No comments:

Post a Comment