Wednesday, March 18, 2015

အကြွေးတင်တာကို ပြည်သူတွေ မဆပ်နိုင်ပါဘူး (အယ်ဒီတာ့ထံပေးစာ)

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်မှာ နေခဲ့တဲ့ ဒေါ်စမ်းအေးရီ ရေးလိုက်တဲ့စာကို မဇ္ဈိမစာဖတ်သူကဏ္ဍက လက်ခံရရှိခဲ့ပါတယ်။ သူဟာ အငြိမ်းစား ဝန်ထမ်း တစ်ဦးဖြစ်ပြီး အခုအချိန်မှာတော့ အိမ်ဆိုင်လေးဖွင့်လို့ ဘဝကို ခက်ခဲစွာ ရုန်းကန်နေရတဲ့သူ တစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သူဟာ ဘဝကို ဘယ်လိုအခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်ရသော်လည်း အကြွေး မတင်အောင် နေခဲ့တဲ့သူ တစ်ယောက်ဖြစ်တယ်လို့ ပြောပါတယ်။

သတင်းစာထဲမှာ သူဖတ်လိုက်တဲ့ မြန်မာနိုင်ငံက ၂ဝ၁၄ စက်တင်ဘာလအထိ ပြည်တွင်း ပြည်ပ ကြွေးမြီ စုစုပေါင်း ကျပ် ဘီလီယံ ၂ဝ,ဝဝဝ ရှိခဲ့လို့ ဂျီဒီပီ ၃ဝ ဒသမ ၂ ရာခိုင်နှုန်း ရှိတာကြောင့် မြန်မာနိုင်ငံဟာ ကျပ်ဘီလီယံပေါင်း ၂၅,၂ဝ၅ ဖြစ်လာမှာဖြစ်ပြီး ဂျီဒီပီ ၃၇  ဒသမ ၃ ရာခိုင်နှုန်းဖြစ်လာမှာကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ လူတစ်ဦးဟာ အကြွေး ကျပ်ငါးသိန်းခန့် တင်ရှိမှာဖြစ်တယ်လို့ လွှတ်တော်မှာ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက တင်ပြခဲ့တာ ဖတ်လိုက်ရတာကြောင့် ဒီစာကိုရေးခဲ့တာပါလို့ ပြောပါတယ်။

ဒီသတင်းကို ဖတ်ပြီး သူတော်တော်အံ့သြသွားပြီး စိတ်မကောင်းဖြစ်တာနဲ့အတူ ဘဝင်မကျတဲ့စိတ်လည်း ဖြစ်ရပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတော်အစိုးရအနေနဲ့ စာရင်းဇယားတွေ စီမံကိန်းတွေ လုပ်နေတဲ့အတွက် အခုလို ကိန်းဂဏန်းနဲ့ အတိအကျ ထုတ်ပြန်နိုင်ခဲ့တာပဲ။

မနှစ်က ဘီလီယံ ၂ဝ,ဝဝဝ ရှိခဲ့တယ်ဆိုရင် နောက်နှစ်မှာ ဒီအကြွေးတွေ လျော့သွားအောင် ဘယ်လိုလုပ်မလဲဆိုတာသိပြီး နည်းလမ်းရှာရပါမယ်။ လျှော့သင့်တာတွေ လျှော့ရပါမယ်။ အဓိက အကြွေးတင်ကနေ တဖြည်းဖြည်းလျော့သွားရမှာကို အခုတော့ နောက်နှစ်မှာ ဘီလီယံ ငါးထောင်ကျော်တောင် ထပ်တင်တယ်ဆိုတာကတော့ ပြည်သူတစ်ဦးအနေနဲ့ ပြောရရင် မဖြစ်သင့်ဘူးလို့ ပြောချင်ပါတယ်တဲ့။
သတင်းစာနဲ့ဂျာနယ်တွေထဲမှာ ဖတ်ရတဲ့ ပြည်သူပိုင်တဲ့ ဝန်ကြီးဌာနပိုင်မြေတွေ ငှားတာ၊ ရောင်းတာတွေကရတဲ့ ဝင်ငွေတွေက စာရွက်ပေါ်မှာချရေးပြီး တွက်ကြည့်ရင် ဒီအကြွေးတွေဆပ်လို့ရပါတယ်။ အခုလည်း ကျိုက္ကဆံကွင်းကြီးကို ရောင်းဖို့ စီစဉ်နေတာလည်း ဖတ်ရ၊ ကြားရပါတယ်။

ဒါတွေတင်မဟုတ်ဘဲ မြန်မာနိုင်ငံက ထွက်တဲ့ သစ်တောထွက်ပစ္စည်း၊ တွင်းထွက် ကျောက်စိမ်းနဲ့ တခြားသယံဇာတတွေ၊ ဓာတ်ငွေ့တွေ ရောင်းရတာ၊ တခြားစိုက်ပျိုးသီးနှံနဲ့ ရေထွက်ပစ္စည်းတွေ ရောင်းတာတွေကို ရေးပြရရင် ဆုံးမှာမဟုတ်ပါဘူး။

ဒီဝင်ငွေတွေက ဘယ်ရောက်သွားလဲ၊ ဒီလိုတင်တဲ့အကြွေးက ပြည်သူတွေရခဲ့တာက ပိုပြီး ဆင်းရဲဒုက္ခတွေပါ။ ပြည်သူတွေတင်တဲ့အကြွေးက ပြည်သူတွေအနေနဲ့ ဘာမှမသိခဲ့ရဘဲ နိုင်ငံမှာရှိတဲ့ ပြည်သူတွေမှာ တစ်နေ့တခြား စား၊ ဝတ်၊ နေရေး ကျပ်တည်းပြီး မြို့လယ်ကောင်ကနေ မြို့ပြင်ရောက်ရတယ်။ ကျန်းမာရေးအတွက် ဆေးမကုနိုင်လို့ ဘဝကို အရှုံးပေးပြီး လူ့လောကထဲက အစောကြီးထွက်သွားခဲ့ကြရတယ်လို့ ဆိုပါတယ်။

အခုတင်နေတဲ့ အကြွေးတွေကို ဆပ်ရမယ့်တာဝန်ရှိသူတွေက ပြည်သူတွေ မဟုတ်ဘဲ အာဏာရယူပြီး စီးပွားရေးလုပ်လို့ ပိုင်ဆိုင်မှုတွေ ဒီရေအလားတိုးတက်လာခဲ့ကြတဲ့သူတွေဖြစ်တဲ့ အရာရှိကြီးတွေနဲ့ သူတို့ရဲ့ သားသမီး၊ ဆွေမျိုးတွေနဲ့ ခရိုနီကြီးတွေသာ ဖြစ်ပါတယ်။
သူတို့ရဲ့ ကိုယ်ပိုင် မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေနဲ့ ကုမ္ပဏီတွေအတွက် ထိုက်တန်တဲ့ အခွန်ကိုဆောင်ခဲ့ရင်တောင် ဒီအကြွေးတင်တာ ကျေမှာပါ။ ပြည်သူတွေအနေနဲ့ကတော့ အကြွေးဆပ်ဖို့ နေနေသာသာ မသေရုံတစ်မယ် ထမင်းစားဖို့ အနိုင်နိုင်ဖြစ်နေကြရပါတယ်တဲ့။
ပြည်သူတွေပိုင်တဲ့အရာကို မတရားရယူပြီး ချမ်းသာကြွယ်ဝနေတဲ့သူတွေအနေနဲ့  ဘယ်ဘာသာတရားနဲ့ပဲ ကြည့်ကြည့် အပြစ်ရှိတာပါပဲ။

ကျွန်မတို့ ဆင်းရဲသား ပြည်သူတွေကို မပေးရင်နေပါ။ တင်နေတဲ့အကြွေးတွေ ရှိနေတာကိုတော့ အခွန်ဆောင်တာနဲ့ ပြန်ပေးတာတွေလုပ်ပြီး အကြွေးဆပ်ပေးသင့်တဲ့အကြောင်း မဇ္ဈိမ စာဖတ်သူကဏ္ဍက တစ်ဆင့် ပြည်သူများ ကိုယ်စားတောင်းဆိုချင်လို့ ရေးလိုက်ပါတယ်လို့ ဆိုတဲ့စာကို ဖော်ပြလိုက်ပါတယ်။


Credit - Mizzima News

No comments:

Post a Comment