အပစ်ရပ် စာချုပ် အတွက် ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲကို ရန်ကုန်မြို့ ၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) တွင် ကျင်းပခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖောင်ဆောင်ရေး လုပ်ငန်းကော်မတီ( UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဆွေးနွေးခဲ့ကြသည်။
NCCT ပထမခေါင်းဆောင် နိုင်ဟံသာက"တိုက်ပွဲတွေမဖြစ်ဖို့ ဖြစ်နေတဲ့ ပြသနာကို လျော့ချဖို့ အဓိက ဆွေးနွေးတာဖြစ်တယ် ကျွန်တော်တို့ သဘောထားက ကိုးကန့် လူမျိုးဆိုတာလဲ ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးဖြစ်တယ် ၊တိုင်းရင်းသားတွေ ရဲ့အရေးကိုဖြေရှင်းတဲ့နေရာမှာ လက်နက်ကိုင် တဲ့နည်းနဲ့မဟုတ်ပဲ ဆွေးနွေးညှိနှိုင်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ကို ညှိနှိုင်းပါတယ်"ဟု ပြောသည်။
လတ်တလော ပဋိပက္ခများ ပြန်လည် ဖြေရှင်းရေးနှင့် အပစ်အခတ်ရပ်စဲရေးတွင် "၀"နှင့် ကိုးကန့် တပ်ဖွဲ့တို့ ပါဝင်လာရေးနှင့်ပတ်သက်ပြီး UPWC ၏ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေက "အပစ်ရပ်မူကြမ်းဆွေးနွေးပြီးရင် ပါသင့်ပါထိုက်တဲ့ သူတွေအားလုံး ပါဝင်လက်မှတ်ထိုးမှာပါ"ဟု ပြောကြား ခဲ့သည်။
ဆွေးနွေးပွဲ ဒုတိယရက် (မတ် ၁၈ရက်) တွင် စစ်ဘက်ဆိုင်ရာ စည်းမျဉ်းများ၊ ချမှတ်ထားသည့် စည်းမျဉ်းများလိုက်နာမှု ရှိမရှိစောင့်ကြည့်ရေး အဖွဲ့ ဖွဲ့စည်းရေး တို့ကို ဦးတည်၍ ဆွေးနွေးမည် ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရေးကိုလည်း မျှော်မှန်းထားကြသည်။
NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မုန်းဆာခေါင်းကလည်း "ဒီတစ်ခေါက် ဟာနောက်ဆုံးပဲ လို့ သတ်မှတ်ထားတာဗျ"ဟု ဆိုသည်။
ပထမ နေ့ဆွေးနွေးမှုသည် အောင်မြင်မှု ရရှိသည် ဟု ဆွေးနွေးသူများက ပြောသော်လည်း အပစ်အခတ် ရပ်စဲရေး စာချုပ်ပါ အချက်များကို ထပ်မံဆွေးနွေးရဦးမည် ဖြစ်သည်။
အပစ်ရပ် စာချုပ်အတွက် အချက် ၁၀၀ ကျော် ဆွေးနွေးခဲ့ကြပြီး ခြောက်ကြိမ်မြောက် ဆွေးနွေးပွဲအပြီးတွင် ရှစ်ချက် ဆွေးနွေးရန် ကျန်ရှိနေခြင်းဖြစ်သည်။
Credit - Mizzima News

No comments:
Post a Comment