Wednesday, March 18, 2015

အပစ်အခတ် ရပ်စဲရေး စာချုပ် ဒီတစ်ကြိမ် အပြီးသတ်မလား (အယ်ဒီတာ့အာဘော်)

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာစာချုပ်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နဲ့ တိုင်းရင်းသား အဖွဲ့ ၁၆ ဖွဲ့ ပါဝင်တဲ့  တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ခုနစ်ကြိမ်မြောက် တွေ့ဆုံမှုကို မတ် ၁၇ ရက်မှာ ရန်ကုန်က MPC မှာ စတင်လိုက်ပါပြီ။

ဒီစာချုပ်ကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဧပြီလကတည်းက စတင်ဆွေးနွေးနေတာဖြစ်ပြီး အခုဆိုရင် တစ်နှစ်နီးပါး အချိန်ယူခဲ့ပြီး ဖြစ်ပါတယ်။

ဆွေးနွေးရမယ့် အချက် ၁၀၄ ချက်ထဲမှာ ပြီးခဲ့တဲ့ ခြောက်ကြိမ်မြောက် အစည်းအဝေးမှာ ရှစ်ချက်ဆွေးနွေးဖို့ ကျန်နေခဲ့ပါသေးတယ်။ 
ဒီတစ်ကြိမ်မှာတော့ ဒါတွေကို အပြီးသတ်ဆွေးနွေးပြီး စာချုပ်ကို အချောသတ်နိုင်မယ်လို့ UPWC ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။

အစိုးရအနေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် (NCA) ကို ရည်မှန်းချက်သုံးခု အခြေခံပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။   ဒီဆောင်ရွက်မှုတွေက နောက်အစိုးရ တက်လာတဲ့ အခါမှာ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို ဆက်လက် လက်ဆင့်ကမ်းသွားနိုင်ရေး၊  အပစ်အခတ်ရပ်စဲရေးကို ခိုင်မာစေရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်နိုင်ရေးဆိုတဲ့ အချက်တွေကို အခြေခံပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်မှတ်ရေးထိုးပြီးရင် အပစ်အခတ်ရပ်စဲမှု ခိုင်ခန့်ရေးအတွက် ပူးတွဲစောင့်ကြည့်ကြီးကြပ်ရေး ကော်မတီကို ဖွဲ့စည်းဖို့လည်း နှစ်ဘက် သဘောတူထားကြပြီး နိုင်ငံရေးဆွေးနွေးပွဲတွေကို ပူးတွဲကပြီး မကထပြုဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီ ဖွဲ့စည်းရေးကိုလည်း သဘောတူထာ ကြပါတယ်။

ငြိမ်းချမ်းရေး ဖြစ်စဉ်အရတော့ အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲတွေဆီကို တက်လှမ်းရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ငြိမ်းချမ်းရေး လမ်းကြောင်းဆီ တက်လှမ်းနိုင်ဖို့မှာ အပစ်အခတ် ရပ်စဲရေးက အခြေခံအကျဆုံး မူလ လုပ်ဆောင်ရမယ့် အချက်ဖြစ်နေပါတယ်။

ဒါပေမယ့်လည်း အစိုးရ တပ်မတော်နဲ့  KIA ၊ TNLA  ၊ ကိုးကန့် စတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အချို့နဲ့ တိုက်ပွဲတွေ ဖြစ်နေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စပြီး ကိုးကန့်အဖွဲ့ (MNDAA) နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ လက်ရှိ အချိန်ထိပါပဲ။ ဒါကြောင့် အပစ်အခတ်ရပ်စဲရေးကို သွားနိုင်မလားဆိုတာ မေးခွန်းထုတ်စရာ ရှိနေပါတယ်။

ကေအိုင်အိုနဲ့ဆိုလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလကဆိုရင် ကေအိုင်အေဌာနချုပ် လိုင်ဇာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အထိ ပြဿနာ ကြီးထွားခဲ့သေးတာပါ။ မတ် ၁၇ ရက် ဆွေးနွေးပွဲရဲ့ ပထမနေ့မှာတော့ အဲဒီ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။
ဒီတစ်ခေါက် ဆွေးနွေးပွဲမတိုင်ခင်က ထူးခြားချက်အနေနဲ့က ကေအိုင်အိုနဲ့ သမ္မတ၊ ဒု-သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်တို့ရဲ့ နေပြည်တော်မှာ သမိုင်းဝင်  ပထမဆုံးအကြိမ် တွေ့ဆုံမှုပဲ ဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲတွေက ရလဒ်ကတော့ ငြိမ်းချမ်းရအောင် ဆက်လက် လျှောက်လှမ်းမယ်လို့  နှစ်ဘက်စလုံးက ပြောဆိုကြတာ ဖြစ်ပါတယ်။ သမ္မတနဲ့ တွေ့ဆုံပြီးနောက်မှာလည်း ငြိမ်းချမ်းရေးအတွက်  အပစ်ရပ်စာချုပ်ကို အောင်မြင်အောင်လုပ်ဖို့လိုတယ်လို့ ကေအိုင်အိုဘက်က ဆိုပါတယ်။

ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးဖို့ သိပ်မသေချာတဲ့  ဒီလိုအခြေအနေမျိုးမှာ ကေအိုင်အိုနဲ့ ဒီလို တွေ့ဆုံမှုဟာလည်း အကောင်းဘက် က ရောက်သွားစေနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

ဒီလိုရလဒ်တွေ ရှိနေတာကြောင့်လည်း ဒီတစ်ခေါက် အပစ်ရပ်စာချုပ် ဆွေးနွေးပွဲ နောက်ဆုံးဖြစ်နိုင်မလားလို့ မျှော်လင့်ရပါတယ်။ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတဲ့အချိန်မှာ နှစ်ဖက် တွေ့ဆုံညှိနှိုင်းမှုဟာ အကောင်းမွန်ဆုံး လမ်းကြောင်း ဖြစ်တာမို့ တွေ့ဆုံဆွေးနွေးရေးများမှသည် အပစ်ရပ်စာချုပ် အချောသတ်နိုင်ပြီး ငြိမ်းချမ်းရေးလမ်းကြောင်း ချောမွေ့ပါစေရန် မဇ္ဈိမက တိုက်တွန်းလိုက်ပါတယ်။


Credit - Mizzima News

No comments:

Post a Comment