Sunday, March 15, 2015

တောင်ကုတ်-စစ်တွေသွား လူ ၂၀၀ကျော်ပါသည့် သင်္ဘောနစ်မြုပ်မှု အလောင်း ၃၁လောင်း နှင့် အသက်ရှင်လျက်ရှိသူ ၁၆၇ဦး တွေ့ကာ ၁၆ဦးပျောက်နေ

ရန်ကုန် (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ် တောင်ကုတ်-စစ်တွေသွားသည့် အောင်တံခွန်-၃ သင်္ဘော ကျောက်ဖြူမြို့ နှင့် မြေပုံမြို့ကြား နောင်တော်တောင်အနီး မျောက်ကျွန်းအနီး မတ်လ ၁၃ရက် ည ၁၁နာရီခန့်က နစ်မြုပ်ခဲ့ရာ ရုပ်အလောင်း ၃၁လောင်း၊ အသက်ရှင်လျက် တွေ့ရှိသူ ၁၆၇ဦး တွေ့ရှိကာ ၁၆ဦး ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေး ဥက္ကဋ္ဌ ဦးဦးလှသိန်းက မတ်လ ၁၄ရက် ညနေ ၅နာရီက မဇ္ဈိမကို ပြောသည်။

h 51842383



"ရှာနေတုန်းဆိုတာ ကျွန်တော်တို့ သိသလောက်က ပင်လယ်ပြင်မှာဆိုတော့ တွေ့ဖို့ကတော့ သိပ်တော့မရှိဘူးပေါ့။
ပျောက်ဆုံးတာက အမျိုးသားအင်အားများနေတော့ တစ်ချို့လည်း ရေကူးပြီး အနီးကျွန်းတစ်ခုခုကို ရောက်နေရင်တော့ မျှော်လင့်ချက်ရှိတာပေါ့။ အခုတော့ ရှာနေတုန်းပါပဲ" ဟု ဦးဦးလှသိန်းက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် အမျိုးသား ၁၄ဦး၊ အမျိုးသမီး ၂ဦးပျောက်ဆုံးနေပြီး သေဆုံးသူများ၏ အလောင်းများကို စစ်တွေ နှင့် ကျောက်ဖြူ ဆေးရုံများ၌ လတ်တလော ပိုင်ရှင် လာသည်အထိ နှစ်ရက်ခန့် ထားပေးထားမည်ဟု ဆိုသည်။

"လူသေအလောင်းတွေကိုတော့ ပိုင်ရှင် မခွဲနိုင်တဲ့အချိန်မှာ ကျောက်ဖြူဆေးရုံကြီးနဲ့ စစ်တွေ ဆေးရုံကြီးမှာ ထားပေးထားပါတယ်"ဟု ဦးဦးလှသိန်းက ပြောသည်။ အသက်ရှင်လျက် ကယ်ဆယ်ရရှိသူများ၏ ကျန်းမာရေးအခြေအနေ စောင့်ရှောက်မှုနှင့် ပတ်သက်၍လည်း "ကျွန်တော်တို့က ဆေးရုံတွေမှာလည်း အဆင်သင့်တော့ စောင့်နေပါတယ်"ဟု ပြောသည်။

အသက်ရှင်လျက်ရှိသူ ၁၆၇ဦးကို စစ်တွေမြို့သို့ အယောက် ၄၀၊ ပေါက်တောမြို့သို့ အယောက် ၂၀၊ ကျောက်ဖြူမြို့သို့ ၅၅ဦး နှင့် မြေပုံမြို့သို့ ၅၂ဦး ပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးလိုက်ပြီဖြစ်ကာ ဆေးကုသရန် လိုအပ်သူများအတွက် ကျောက်ဖြူပြည်သူ့ဆေးရုံကြီး နှင့် စစ်တွေ ပြည်သူ့ဆေးရုံကြီးတွင် ဆရာဝန်များ ထားရှိကာ ကုသပေးနေသည်ဟု ဦးဦးလှသိန်းက ပြောသည်။

နစ်မြုပ်ခဲ့သည့် အောင်တံခွန် သင်္ဘောပေါ်၌ ခရီးသည် နှင့် ယာဉ်လုပ်သားအပါအဝင် စုစုပေါင်း ၂၀၀ကျော် ပါဝင်မည်ဟု ခန့်မှန်းရပြီး ရခိုင်လူမျိုး အများစု ပါဝင်သည်ဟု ၎င်းက ပြောသည်။ ထိုသင်္ဘောသည် တောင်ကုတ်မှ စတင်ထွက်ကာ တောင်ကုတ်-ရမ်းဗြဲ-ကျောက်နီမော်-ကျောက်ဖြူ -မြေပုံ-ပေါက်တော-စစ်တွေ သွားမည့် သင်္ဘောဖြစ်သည်။

နစ်မြုပ်ခဲ့သည့် သင်္ဘောပေါ် ပါသူများကို အစိုးရအဖွဲ့၊ ပြင်ပ လူမှုရေးအဖွဲ့များ၊ ရဲ ၊ မီးသတ်၊ ကြက်ခြေနီအဖွဲ့များက ကယ်ဆယ်လျက်ရှိပြီး စက်လှေများ၊ မော်တော်ဘုတ်များ၊ ရေငုတ်သမားများ သုံးကာ ရှာဖွေလျက်ရှိပြီး အနီးတစ်ဝိုက်ရှိ ကျွန်းများတွင်လည်း လိုက်လံရှာဖွေနေဆဲ ဖြစ်သည်ဟု ဆိုသည်။

Credit - Mizzima News

No comments:

Post a Comment