Friday, March 20, 2015

တပ်နေရာချထားရေး အပါအဝင် အချက်အများစု အစိုးရ နှင့် NCCT တို့ ပြေလည်ပြီဟုဆို

ရန်ကုန် (မဇ္ဈိမ) ။ ။ တစ်နိုင်ငံလုံးအတိုင်းတာဖြင့် အပစ်အခတ်ရပ်စဲရေး စာချုပ် ဆွေးနွေးမှု တတိယမြောက်နေ့တွင် တပ်ပိုင်းဆိုင်ရာ နေရာချထားရေး အပါအဝင် အချက်အလက်အများစု ပြေလည်မှု ရရှိသွားပြီဟု နှစ်ဖက်ခေါင်းဆောင်များက ဆွေးနွေးပွဲ အပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

IMG 3899
(ဓာတ်ပုံ-ကေဇူး)



ပြီးခဲ့သော ကာလများက တပ်ပိုင်းဆိုင်ရာ နေရာချထားရေးနှင့် စောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်းရေးတို့ကို ဆွေးနွေးရာ နှောင့်နှေးခဲ့သော်လည်း လက်ရှိအခြေအနေတွင် ဆွေးနွေးမှု အရှိန်ကောင်းလာပြီး တစ်ဆို့နေသော အချက်အလက်များကို ဆွေးနွေးနိုင်ခဲ့ပြီဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

"လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်း ဆိုတဲ့ အချက်ဖြစ်တဲ့ ဒီအချက်ကို အခု နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲမှာ ပြန်လည်ဆွေးနွေးရမယ့် အချက်နဲ့ပဲ ထည့်သွင်းထားတာဖြစ်တဲ့အတွက် ဆွေးနွေးမှုမှာ မပါဝင်တော့ဘူး" ဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်း ကဆိုသည်။

ဗွီဒီယိုဖိုင်ကြည့်ရန် - https://www.youtube.com/watch?v=s9JfLn7-PNE#action=share

လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ခေါင်းစဉ်အောက်တွင် ဖက်ဒရယ်စနစ်ဖြင့် ဆက်သွားရေး၊ မသွားရေး အချက်များ ပါဝင်လာမည်ဖြစ်ပြီး ထိုအချက်ကို ငြိမ်းချမ်းရေး စကားဝိုင်းတွင် ထည့်သွင်းဆွေးနွေးကြမည်ဟုဆိုသည်။

"တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု စာချုပ်ပြီးရင် စောင့်ကြည့်ရေးတို့ နိုင်ငံရေးဆိုင်ရာ ကိစ္စတွေကို ပူးတွဲဆောင်ရွက်တဲ့ အခါ ဘယ်လိုဖွဲ့စည်းပုံတွေနဲ့ သွားမလဲဆိုတာကို ဆက်ဆွေးနွေးရမှာဖြစ်ပါတယ်"ဟု မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) မှ အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ  ဦးအောင်နိုင်ဦးကပြောသည်။

အစိုးရ အနေဖြင့် ဖက်ဒရယ်ကို မူအားဖြင့် သဘောတူထားပြီး တိုင်းရင်းသားများ နှင့် အပစ်ရပ်ရေး လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်
ပြန်လည် ဆွေးနွေးမည်ဖြစ်ရာ ယခု (၇)ကြိမ်မြောက် အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် ထိုအချက်ကို ချန်လှပ်ထားခဲ့သည်။

တတိယနေ့ အထိဆွေးနွေးပွဲ အပြီးတွင် ပထမဆွေးနွေးပွဲများ၌ ရှေ့ဆက်ရန် အခက်အခဲ ဖြစ်နေသည့် တပ်ပိုင်းဆိုင်ရာ အပါအဝင် အခန်းငါးခန်းပြီးပြတ်ခဲ့သည်။ အခန်းခြောက်နှင့် အခန်း ခုနှစ်မှ ကျန်ရှိသော အချက်အချို့ကို ကျန်ရက်များတွင် ဆက်ဆွေးနွေးရမည်ဖြစ်သည်။

"တော်လှန်ရေးဆိုတဲ့ စကားလုံးကိုလည်း ဒီနေ့မှာလက်ခံလိုက်တယ်၊ ဒီစကားအသုံးအနှုန်းပြောင်းလဲ သွားရင် အများကြီး ကောင်းလာတာတွေရှိမယ်"ဟု
ဒေါက်တာ ဆလိုင်းလျန်မှုန်း ပြောသည်။

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပါဝင်သည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဆွေးနွေးနေသော တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA)ပါ အချက်များ ကျေလည်ပါက တိုင်းရင်းသားများ၏ သဘောထားများကို
လက်နက်ကိုင်တိုင်းရင်းသားများ ညီလာခံ ပြုလုပ်၍ ဆွေးနွေးရဦးမည်ဖြစ်သည်။ ညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက သဘောတူညီမှု ရရှိမှသာ အစိုးရ နှင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ် ရေးထိုးမည်ဖြစ်သည်။

လက်ရှိတွင် NCAကို အစိုးရနှင့် အန်စီစီတီတို့ မတ်လ ၁၇ရက်မှ စတင်ကာ ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) ခြောက်ရက်ကြာ ဆွေးနွေးလျက်ရှိသည်။

Credit - Mizzima News

No comments:

Post a Comment