အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်လက်မှတ်ရေးထိုးစာချုပ် ချုပ်ဆိုနိုင်ရန် ခုနစ်ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့တော်တွင် မတ် ၁၇ က စပြီး ကျင်းပနေကြသည်။ ဒီတစ်ကြိမ် အောင်မြင်လျှင်တော့ မကြာမီလပိုင်းအတွင်း တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးနိုင်တော့မည်ဖြစ်သည်။ နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်ဖြစ်ပွားသဖြင့် ကမ္ဘာ့သက်ဆိုးအရှည်ဆုံး ပြည်တွင်းစစ် ပိုင်ဆိုင်ထားရသည့် မြန်မာသည် ဒီတစ်ကြိမ်တွင် ငြိမ်းချမ်းရေးကို မျှော်နိုင်ပါပြီလား။
စိတ်ဝင်စားစရာ တစ်ချက်မှာ တိုင်းရင်းသား လက်နက်ကိုင်များထဲတွင် အရေးပါသော အဖွဲ့တစ်ဖွဲ့ဖြစ်သည် ကချင် လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အို/ ကေအိုင်အေမှ ခေါင်းဆောင်များသည် သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် နေပြည်တော်တွင် ဆွေးနွေး ခဲ့ကြသည်။ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ကေအိုင်အို/ ကေအိုင်အေက ဆန္ဒရှိပါသည်ဟု ပြောဆိုတင်ပြခဲ့သည်။ ငြိမ်းချမ်းရေးကား ဆန္ဒရှိရုံနှင့်လည်း မပြီးသေးပါ၊ လက်တွေ့ကျကျ ချဉ်းကပ်ဆောင်ရွက်ရမည့် ကိစ္စများကိုလည်း အမှန်တကယ် ဆောင်ရွက်ကြရန် လိုသေးသည်။
မကြာမီရက်ပိုင်းက ကရင်အမျိုးသား အစည်းအရုံး ကေအင်န်ယူမှ ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်ကလည်း ပြည်တွင်း ငြိမ်းချမ်းရေး ရနိုင်သည်၊ သို့သော် မလွယ်ဟု ပြောဖူးသည်။ သံသယ၊ အာဃာတနှင့် ရန်ငြိုးရန်စများကို အမှန်တကယ် ခ၀ါချပြီး ငြိမ်းချမ်းရေးအတွက် လက်တွေ့ကျကျ လုပ်ဆောင်နိုင်မှ ဖြစ်နိုင်မည်ဟု ပြောထားသည်။ ငြိမ်းချမ်းရေးကား ယုံကြည်မှုနှင့်လည်း သက်ဆိုင်နေသည်။ အချင်းချင်းနှင့် အပြန်အလှန် ယုံကြည်မှု မရှိလျှင် ငြိမ်းချမ်းရေး မရနိုင်ပါ။
မြေဇာပင်များကား ပြည်သူများပင် ဖြစ်သည်။ ခေါင်းဆောင်များ၏ အတွေးအခေါ်၊ အပြောအဆို၊ အလုပ်အကိုင်တို့ကို ကြည့်ကာနှင့် မျှော်ကြရသည်။ ၂၀၁၅ သည် မြန်မာနိုင်ငံအတွက် အရေးကြီးသော အလှည့်အပြောင်း ကာလလည်းဖြစ်သည်။ ပြည်သူများ လိုလားသော ငြိမ်းချမ်းရေး၏ ပထမခြေလှမ်းသည် ယခုနှစ်အတွင်း အဆင်ပြေပြေနှင့် လှမ်းနိုင်ပါမည်လား။ ပြည်သူများကား စောင့်စားနေကြရသည်။ စစ်ဒဏ်ခံ ပြည်သူများကား ပို၍ပင် မျှော်လင့်ကြပေလိမ့်မည်။
ငြိမ်းချမ်းရေးဝန်ကြီးဟု တင်စားကြသော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းကတော့ နောင်အစိုးရအတွက် ငြိမ်းချမ်းရေး အုတ်မြစ်ချတာဟု ပြောသည်။ ခိုင်မာသော အုတ်မြစ်ကိုပဲ ချစေချင်ပါသည်၊ နိုင်ငံရေးဈေးကွက်တွက်ပြီး ချသော အုတ်မြစ်မျိုးဆိုလျှင် မျှော်နေသော ပြည်သူတို့ မောမှာကို စိုးရိမ်ဖို့ ကောင်းသည်။
စိတ်ဝင်စားစရာမှာ UPWC နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့၏ ခုနစ်ကြိမ်မြောက် တွေ့ဆုံပွဲကို နှစ်ဘက်စလုံးက အားထားနေကြသည်။ အခြေအနေတော့ ဒီတစ်ကြိမ် ကောင်းနိုင်ကောင်းသည်ဟု တွက်ထားကြပုံပေါ်သည်။
တိုင်းပြည်၏ အခြေအနေမှာလည်း ပြည်တွင်းပြည်ပ အကျပ်အတည်းများ၊ အရှုပ်အထွေးများ ရှိနေချိန်ဖြစ်ရာ တိုင်းပြည်၏အရေးအကြီးဆုံး ကဏ္ဍတစ်ခုဖြစ်သော တိုင်းရင်းသားအရေးကို ငြိမ်းချမ်းရေးပထမခြေလှမ်း အောင်မြင်ခြင်းဖြင့် ဖြေရှင်းလိုက်စေချင်သည်။
တိုင်းပြည်နှင့် ပြည်သူ့မျက်နှာကြည့်ရန် အချိန်တန်ရုံမက လွန်ပင်လွန်လာသည့်အချိန်တွင် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးစာချုပ်အတွက် ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးမှုများ အောင်မြင်ကြစေရန် ဆိုင်သူအားလုံးက အစွမ်းကုန် ကြိုးစားကြပါမည့်အကြောင်း မဇ္ဈိမက တိုက်တွန်းသည်။
Credit - Mizzima News
No comments:
Post a Comment