Saturday, March 21, 2015

ဖမ်းဆီးခံကျောင်းသားများ ပြန်လွတ်ရေး အင်းယားကန်ဘောင်တွင် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

ရန်​ကုန်​ (မဇ္ဈိမ) ။ ။ ​ကျောင်းသားများအား အကြမ်းဖက်​ရိုက်နှက်ခြင်း​အ​ပေါ် ကန့်​ကွက်​မှုနှင့်​ ဖမ်းဆီးခံ​ကျောင်းသားများအား အမြန်​ဆုံးပြန်​လွတ်​​ပေးရန်​ မတ်လ ၂၁ရက်၊ ည​နေပိုင်းက အင်းလျားကန်​​​ဘောင်၊ တံတားဖြူမှတ်တိုင်အနီးတွင် အ​​​​​ရပ်​ဘက်​အဖွဲ့အစည်းများ စု​ပေါင်းပြီး လူဦး​ရေ ၂၀၀နီးပါး ​တောင်းဆိုခဲ့သည်​။

တောင်းဆိုလှုပ်​ရှားမှုစစချင်းတွင်​ ဖမ်းဆီးခံ​ကျောင်းသား/သူ တစ်​ဦးချင်းစီ၏ နာမည်​များ​အောက်​တွင်​ "ချက်​ချင်းလွှတ်​"ဟု ​ရေးသားကာ အနက်​​ရောင်​ ပူ​ဖောင်းများကို လွှတ်​တင်​ခဲ့သည်​။

ထိုလှုပ်​ရှားမှုတွင်​ အမျိုးသမီးအဖွဲ့အစည်းများ၊ အရပ်​ဘက်​အဖွဲ့အစည်းများနှင့်​ တက်​ကြွလှုပ်​ရှားသူများ ပူး​ပေါင်းပါဝင်​ကြသည်​။

ကျောင်းသားများကို အာဏာပိုင်​များ မလွတ်​မချင်း လှုပ်​ရှားမှုပုံစံမျိုးစုံဖြင့်​ ​တောင်းဆိုသွားမည်​ဟု လှုပ်​ရှားမှုတွင်​ ပါဝင်​သည့်​ Generation Wave မှ ကိုမိုဃ်း​သွေးက ​ပြောသည်​။

"ငြိမ်းချမ်းစွာနဲ့ အစွမ်းရှိသမျှ တွန်းလှန်​သွားမယ်" ဟု ကိုမိုဃ်း​သွေးက ဆိုသည်​။

ထို​နေရာသို့ ဒီမိုက​ရေစီပညာ​ရေးလှုပ်​ရှားမှုဦး​ဆောင်​​ကော်​မတီမှ ​ကျောင်းသား​ခေါင်း​ဆောင်​များဖြစ်​သည့်​ ကို​ဇေယျာလွင်​နှင့်​ ကိုပိုင်​ရဲသူတို့ လည်း ​ရောက်​ရှိလာသည်​။

"စာ​မေးပွဲ​ဖြေပြီးပြီးချင်း ဒီကိုလာခဲ့တာ"ဟု အစချီပြီး ကို​ဇေယျာလွင်​က "အခုလို​တောင်းဆိုမှု​တွေ ဖြစ်​လာတာဟာ အစိုးရရဲ့ လုပ်​ရပ်​​ကြောင့်​ပါ" ဟု ​ပြောသည်​။

ဒီမိုက​ရေစီပညာ​ရေးကို​တောင်းဆိုသည့်​ သပိတ်​​မှောက်​​ကျောင်းသား/သူများအား လုံထိန်းရဲများက ရိုက်​နှက်​ဖမ်းဆီးခဲ့သည့်​ မတ်​လ ၁၀ရက်​​နေ့ ဖြစ်​စဉ်​ကို ရည်​ညွှန်းပြီး ကို​ဇေယျာလွင်​က အထက်​ပါအတိုင်း ​ပြောဆိုခဲ့ခြင်းဖြစ်​သည်​။


Credit - Mizzima News

 
 

No comments:

Post a Comment