Sunday, March 22, 2015

ပြည်သူ့ဖွံ့ဖြိုးရေး လုပ်ဆောင်ရာတွင် အစိုးရ ပွင့်လင်းမြင်သာမှုရှိရန် ကမ္ဘာ့ဘဏ်ဌာနေကိုယ်စားလှယ် တိုက်တွန်း

ရန်ကုန် (မဇ္ဈိမ)။ ။ အစိုးရအနေဖြင့် ပြည်သူ့ဖွံ့ဖြိုးရေးများကို လုပ်ဆောင်ပေးသည့် နေရာတွင် ပွင့်လင်းမြင်သာရှိရန် စီမံခန့်ခွဲရာတွင် တိကျမှုရှိရန် နှင့် ရလဒ်များကို မပြတ်စောင့်ကြည့်လေ့လာရန် ကမ္ဘာ့ဘဏ်၏ မြန်မာပြည် ဌာနေကိုယ်စားလှယ် မစ္စတာအဗ္ဗဒူလာရေဆပ်က မဇ္ဈိမကို ပြောသည်။

Chin



ကမ္ဘာ့ဘဏ်၏ မြန်မာပြည်ဌာနေကိုယ်စားလှယ်ဖြစ်သူ မစ္စတာအဗ္ဗဒူလာရေဆပ်က မြန်မာနိုင်ငံအစိုးရ လုပ်ဆောင်နေသည့် ပြည်သူ့ဗဟိုပြုဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အစိုးရကဘာတွေကို အလေးထားသင့်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး မဇ္ဈိမ၏ မေးမြန်းမှုအပေါ် သူကအရေးကြီးသည့် အချက် အနည်းငယ်ကို ရှင်းပြခဲ့သည်။

"ပွင့်လင်းမြင်သာမှု ရှိခြင်းဟာ တကယ့်ကို အရေးပါနေပါတယ်၊ နောက်ထပ်အရေးကြီးတာက ရလဒ်တွေကို စောင့်ကြည့်ဖို့ပါ၊ ဘာကြောင့် စောင့်ကြည့် ရမှာလဲဆိုတော့ ပြည်သူ့ ဗဟိုပြုဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေကို စီမံခန့်ခွဲတဲ့နေရာမှာ တိကျပြတ်သားတဲ့ အကူအညီတွေ ပေးနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်၊ ဒါကြောင့် တာဝန်ခံနိုင်ခြင်းဟာလည်း အရေးပါပါတယ်၊ ဒီလိုတာဝန်ခံနိုင်ခြင်းက နောက်ထပ်လုပ်ဆောင်မယ့် ပြည်သူ့ဖွံ့ဖြိုးရေး အစီအစဉ်တွေကို စဉ်းစားတဲ့နေရာမှာ အရင်ရလာဒ်တွေကနေ အထောက်အကူပြုနိုင်ပါတယ်၊ အခုပြောသွားတဲ့ အချက်တွေက ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်တွေကို ပြုလုပ်တဲ့နေရာမှာ စဉ်းစားတွေးတောရမယ့် အချက်တွေဖြစ်ပါတယ်" ဟု ၎င်းက ရှင်းပြသည်။

ကျေးလက်ဒေသများတွင် ပြည်သူ့ဖွံ့ဖြိုးရေးအတွက် အကူအညီပေးရေးအစီအစဉ်တွေက အကန့်အသတ် ရှိနေပြီး သေချာမှုရှိသည့် ချိတ်ဆက်ပေးမှုတွင်လည်း အားနည်းနေကြောင်း ၎င်းက ပြောသည်။ လယ်ယာထွက်ကုန်ပစ္စည်းများအား ထမင်းဝိုင်းတွေဆီရောက်အောင် ဘယ်လိုပို့ဆောင်မလဲ၊ ဥပမာရန်ကုန်ကဲ့သို့ မြို့ကြီးများတွင် နေထိုင်သည့် စားသုံးသူလက်ထဲ ဘယ်လိုအရောက်သွားမလဲ စသည့် အချက်များကို စဉ်းစားရန် လိုအပ်ပြီး ကျေးလက်နေ ဆင်းရဲမှု မြင့်မားနေခြင်းကို ရှုထောင့်ပေါင်းစုံမှ ဦးတည်အဖြေရှာရန် သူက တိုက်တွန်းထားသည်။

မြန်မာပြည်အလယ်ပိုင်း၊ အပူပိုင်းဇုန်ထဲက ပခုက္ကူမြို့နယ် စဘေကျေးရွာတွင် နေထိုင်သည့် အမျိုးသမီး မခင်မျိုးဝင်း "အခုကျွန်မတို့က ... တောင်သူတွေက ငွေတိုးချေးရတယ်... အစိုးရဘဏ်တွေဆီကနေ ငွေတိုးချေးရတယ်၊ အပြင်မှာဆိုလည်းချေးရတယ်၊ ချေးပြီးတော့မှ ဒီအရင်းအနှီးကိုစိုက်တယ်၊ အချိန်ကျလို့ရှိရင် အတိုးရော၊ အရင်းရော ပြန်ဆပ်ရတယ်၊ အဲလိုဆိုတော့ ဒီကြွေးနဲ့တော့ လှည့်လို့ရတယ်၊ ဒါပေမယ့် ဒီကြွေးသံသရာက လည်နေတယ်။ အဲလိုဖြစ်နေတယ်၊ ကျွန်မတို့ဆီက" ဟု ၎င်း၏ အတွေ့အကြုံကို ရှင်းပြသည်။

Credit - Mizzima News

No comments:

Post a Comment