Saturday, February 21, 2015

ရွှေပြည်သာ စက်ရုံသပိတ်များ ဖြိုခွင်းခံရ၊ အလုပ်သမား ၁၀၀ အဖမ်းခံရဟုဆို

ရန်ကုန် (မဇ္ဈိမ)။ ။ ရွှေပြည်သာ စက်မှုဇုံအတွင်းရှိ အီလန်မြန်မာစက်ရုံရှေ့တွင် စက်ရုံသုံးရုံးပေါင်း အလုပ်သမား ၁၀၀၀ ကျော် ဖေဖော်ဝါရီ ၂၀ ရက်က ထိုင်သပိတ် စခန်းဖွင့်လှစ်ခဲ့ရာ ညနေ ၅ နာရီခန့်တွင် ရဲကား ၁၃ က ဝိုင်းရံကာ အလုပ်သမား ၁၀၀ ဝန်းကျင်ကို ၁၂၄ လိုင်းကားဖြင့် ရဲများက ခေါ်ဆောင်သွား သည်ဟု အီလန် မြန်မာ စက်ရုံမှ အလုပ်သမား မသိမ့်မိုးလွင်က မဇ္ဈိမကို ပြောသည်။

Shwe-Pyi-Thar-Worker-Demonstration-01
ရွှေပြည်သာမြို့နယ်တွင်းရှိ စက်ရုံ ၃ ရုံက အနိမ်းဆုံး လုပ်ခလစာအတွက် အင်းစိန်မြို့နယ်ရှိ မြောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးတွင် အလုပ်သမား ကိုယ်စားလှယ် အယောက် ၃၀ နှင့် အလုပ်ရှင် အလုပ်သမား ညှိနှိုင်းရေးအဖွဲ ရန်ကုန်တိုင်း ဝန်ကြီး ဦးမြင့်ဆွေတို့ ညှိနှိုင်းဆွေးနွေးစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)



"ခုကျွန်မတို့ သပိတ်ကို ရဲကား ၁၃ စီးနဲ့ ဝိုင်းထားတယ်၊ သပိတ်စခန်း ပတ်လည်ကို သံဆူးကြိုးတွေနဲ့ ကာထားတယ်။ ကျော်တဲ့ အလုပ်သမားတွေကို ကားနဲ့ ဆွဲတင်သွားတာ အယောက် ၁၀၀ လောက် ပါသွားတယ်။ ကျွန်မတို့ကို အလုပ်သမားတွေကို သံဒုတ်တွေနဲ့လည်း ရိုက်နေတယ်။ ကူညီပေးကြပါ" ဟု ၎င်းက ပြောသည်။

ယင်းသို့ ဖမ်းဆီးမှုကြောင့် ညနေပိုင်းတွင် ထွက်ပြေးသူများက ထွက်ပြေး၍ သပိတ်စခန်း၌ အလုပ်သမား ၅၀၀ခန့်သာ ကျန်တော့သည်ဟုလည်း ဆိုသည်။

"သပိတ်မှာ တချို့တစ်ဝက်က ကြောက်ပြီးထွက်ပြေးနေကြတယ်၊ အခုသပိတ်မှာ ဖမ်းသွားတဲ့အထဲမှာ အလုပ်သမားခေါင်းဆောင်တွေနဲ့ အလုပ်သမား ကိုယ်စလှယ်အကုန်လုံး ပါသွားတယ်။ မရရအောင်တော့ အလုပ်သမားတွေကို ပြန်ကယ်ရမယ်" ဟု မသိမ့်မိုးလွင်က ပြောသည်။

အလုပ်သမားများအား မြောက်ပိုင်းခရိုင် ရဲစခန်းမှ ကား ၁၃စီး၊ ရဲအင်အားအပြည့်ဖြင့် ခေါ်ဆောင်သွားသည်ဟု ၎င်းက ဆိုသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ အတည်ပြုနိုင်ရန် မြောက်ပိုင်းခရိုင် ဒုရဲမှူးကြီးမြင့်လွင့်နှင့် ရွှေပြည်သာ ရဲစခန်းသို့ မဇ္ဈိမက အကြိမ်ကြိမ်ဖုန်းဖြင့် ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

ရွှေပြည်သာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးဦးကို မဇ္ဈိမက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်ရာ "အယောက် ၁၀၀ လောက်ကို ရဲကားနဲ့ခေါ်သွားတာဆိုတော့ လေ့လာရေး သွားတာနေမှာပေါ့" ဟု ပြောကာ ဖုန်းချသွားခဲ့သည်။

ယင်းအပြင် ရွှေပြည်သာစက်ရုံ သပိတ်စခန်းတစ်ခုဖြစ်သည့် Ford glord garment စက်ရုံအား အာဏာပိုင်များမှ ဖြိုခွင်းလိုက်ပြီး Costec garment စက်ရုံရှေ့မူ ရဲကား (၁၃) စီးဖြင့် ရဲများ ရောက်လာကာ သပိတ်ရပ်နားပေးရန် ဆော်သြသည့်အတွက် အလုပ်သမားများက အီလန် မြန်မာ စက်ရုံတွင် သွားရောက်ပေါင်းစည်းလိုက်ခြင်း ဖြစ်သည်။ ယင်းသို့ ပေါင်းစည်းအပြီး ဖမ်းဆီးမှုများ ဖြစ်လာခြင်းလည်း ဖြစ်သည်ဟု အလုပ်သမားများနှင့် အလုပ်သမားအရေး ဆောင်ရွက်သည့် ရှေ့နေတစ်ဦးဖြစ်သည့် ကိုသူဇော်ကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က ''ဒီနေ့ပြဿနာက အနိမ့်ဆုံးလုပ်ခလစာ မသတ်မှတ်ရသေးတဲ့အတွက် ပိတ်မိနေတာကို စားပွဲပေါ်မှာ မရှင်းဘဲ အလုပ်ရုံရှေ့ပိတ်ဆို့ ဆူပူဆန္ဒပြနေလို့ လခတိုးပေးတာ ဖြစ်မလာဘူး'' ဟု သုံးသပ်သည်။

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က ''၁၇ ဦးအဖွဲ့က အင်းစိန်မြို့နယ်၊ စုပေါင်းရုံးမှာ မနက် ၉ နာရီမှ စပြီး ရုံးဖွင့်ထားတယ်။ အလုပ်ပေါ်ရင် တစ်ညလုံး လုပ်ရလုပ်ရ လုပ်မှာပါ။ လာရောက် ဆွေးနွေးနိုင်တယ်။ ဘက်မလိုက်ပဲ အကောင်းဆုံး တရားမျှတစွာ ဆောင်ရွက်ပေးမယ်'' ဟု  ပြောသည်။

စက်ရုံသုံးရုံသည် ဇန်နဝါရီလမှ စတင်၍ လုပ်ခလစာကို ယခုရရှိသည့် နှုန်းထက် ကျပ်သုံးသောင်း တိုးပေးရန် တောင်းဆိုကာ ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ရက်မှ စတင်ကာ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားများက ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု မရခဲ့ပေ။

Credit - Mizzima News

No comments:

Post a Comment