ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာတည်ရှိတဲ့ တပ်မတော် တပ်ရင်းတစ်ခုမှ အိမ်ထောင်သည် ရဲမေတစ်ဦးရဲ့ မေးလ်နဲ့ပို့တဲ့ စာတစ်စောင် မဇ္ဈိမ စာဖတ်သူ ကဏ္ဍကို ရောက်လာပါတယ်။ သူ့စာထဲမှာ ရေးထားတာက တော့ သူဟာ ကျောင်းဆရာမ တစ်ဦးဖြစ်ပြီး တပ်မတော် စစ်သည် တစ်ဦးရဲ့ အိမ်ထောင်ဖက် ဖြစ်လာတဲ့အခါ အမျိုးသား တာဝန်ကျတဲ့ ရှမ်းပြည်နယ်ကို ပြောင်းရွှေ့ထမ်းဆောင်ခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။
သူပြောချင်တာက လက်ရှိဖြစ်နေတဲ့ လောက်ကိုင်ဒေသတွင်း တိုက်ပွဲဟာ ရှမ်းပြည်နယ် တစ်ခုတည်းနဲ့ သက်ဆိုင်တာမဟုတ်ဘဲ မြန်မာ တစ်နိုင်ငံလုံးနဲ့လည်း သက်ဆိုင်နေပါတယ်။ တပ်မတော်မှာသာ တာဝန်ရှိ
တာမဟုတ်ဘဲ မြန်မာပြည်သူ၊ ပြည်သားအားလုံးမှာလည်း တာဝန်ရှိပါတယ်။ ဖုန်ကြားရှင်ဆိုတာ တိုင်းရင်း သားတွေ၊ လက်နက်ကိုင်တွေလို လွတ်လပ်မှု၊ အမျိုးသားတန်းတူညီမျှမှု၊ တရားမျှတမှုနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တို့အတွက် တိုက်ပွဲဝင်နေတဲ့သူ မဟုတ်ပါဘူး။ ၂ဝဝ၉ ခုနှစ်က နယ်ခြားစောင့်တပ် ကိစ္စအပါအဝင် မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ လက်နက်စက်ရုံ တည်ဆောက်မှုတွေကြောင့် တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားပြီး လေးရက်အတွင်းမှာပဲ သူတို့လှုပ်ရှားနယ်မြေကို စွန့်ခွာပြီး တရုတ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့သူပါ။ ဒီလိုလူတွေနဲ့ နိုင်ငံတော်ကို ကာကွယ်နေတဲ့ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်တော့ ကြိုတင်ကြံစည်ပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့လို့ တပ်မတော်သား ၄၇ ဦးကျပြီး ၇၃ ဦး ဒဏ်ရာရခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ခဲ့တာကို တချို့တွေက ဒီထက်အများကြီးကျဆုံးတယ်လို့ ပြောလို့ပြော၊ တပ်မတော်ခေါင်းဆောင် တချို့ကို မုန်းတီးတာနဲ့ တပ်မတော် မကောင်းကြောင်းပြောနေ၊ ရေးနေကြတဲ့သူတွေဟာ တပ်မတော်သားနဲ့ သူ့မိသားစုဝင်တွေ ဘယ်လိုအခက်အခဲတွေ၊ ဒုက္ခတွေကြုံရသလဲဆိုတာ သိကြတဲ့သူတွေ မဟုတ်လေတော့ နိုင်ငံလုံခြုံရေးအတွက် အန္တရာယ်ရှိနေတာကို မသိဘဲ ကိုယ်နဲ့မတည့်တဲ့ ဘေးအိမ် မီးလောင်နေတာကို ကြည့်ပြီး ဝမ်းသာနေရင်းနဲ့ ကိုယ့်အိမ်ပါ မီးလောင်ခံရတဲ့ သူတွေအဖြစ်မျိုး ကြုံရမှာကို သတိပြုစေချင်ပါတယ်။ သမိုင်း အထောက်အထားတွေ အရလည်း တရုတ်ရဲ့ စစ်ရေးအကူအညီနဲ့ တရုတ်တွေ ဗမာပြည်ကွန်မြူနစ် ပါတီကို ဝင်တိုက်ခိုက်ပေးခဲ့တာ၊ ဖုန်ကြားရှင် တပ်ဖွဲ့ဝင်တွေကလည်း တရုတ်နိုင်ငံဖွားနဲ့ တရုတ်လိုပဲပြော တတ်သူတွေ၊ တရုတ်ဘာ သာစကားနဲ့ ရေးသားထားတဲ့ အလံကိုင်ဆောင်ပြီး ကိုးကန့်အဖွဲ့လို့ဆိုကာ ဝင်ရောက်တိုက်ခိုက်လာတာတွေကို ပြည်သူတွေသိအောင် သတင်း မီဒီယာတွေက အကျယ်တဝင့် ရေးသားဖော်ပြစေချင်တယ်လို့ ပြောပါတယ်။
ဒီဒေသမှာနေတဲ့ တိုင်းရင်းသားတွေ ပြောတာကတော့ တရုတ်ပြည်မှာ လူဦးရေများတာကြောင့် စားဝတ်နေ ရေးခက်ခဲပြီး မြန်မာပြည်ထဲကို ဟိုးအရင်ကတည်းက စိမ့်ဝင်နေထိုင်ကြတဲ့ တရုတ်တွေကနေ ကိုးကန့်ဖြစ် လာတာလို့ပြောတာကြားဖူးတာကြောင့် လောက်ကိုင်အရေးဟာ အေးမနေကြဘဲ တပ်မတော်နဲ့အတူ ပြည်သူတွေ တက်ကြွစွာ ပါဝင်စေလိုတာကြောင့် ရေးလိုက်တဲ့စာကို ဖော်ပြလိုက်ပါတယ်။
စည်းကမ်းမရှိတဲ့ ကားတွေကြောင့် ဒုက္ခတွေ့ရတဲ့ ခရီးသည်တွေရှိပါတယ်
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်မှာနေတဲ့ မယုသဇင်ရေးလိုက်တဲ့ စာရောက်လာခဲ့ပြီး ရန်ကုန်မြို့တွင်း ကားမှတ်တိုင်တွေမှာ ခရီးသည်တွေ တွေ့ကြုံရတဲ့အခက်အခဲအချို့ကို တင်ပြရေးသားခဲ့တာဖြစ်ပါတယ်။ သူ့စာထဲမှာ သူဟာပုဇွန်တောင်မှာ တည်ရှိတဲ့ ကုမ္ပဏီတစ်ခုက ဝန်ထမ်း တစ်ယောက် ဖြစ်ပြီး နေ့စဉ်ပန်းဆိုးတန်းမှတ်တိုင်ကနေ ကားစီးရသူတစ်ဦးဖြစ်တယ်လို့ ရေးပါတယ်။
ပန်းဆိုးတန်းမှတ်တိုင်ကို ဆိပ်ကမ်းသာလမ်းထိပ်မှာ ပြုလုပ်ထားပေမယ့် လိုင်းကားတွေဟာ မီးပွိုင့်အလွန် ၃၇ လမ်းထိပ်ကနေ ဆိပ်ကမ်းသာလမ်းထိပ်အထိ အဆင်ပြေသလိုရပ်ပြီး ချက်ချင်းမထွက်ဘဲ အကြာကြီး လူစောင့်ခေါ်နေတာကြောင့် ကားတန်းအရှည်ကြီးဖြစ်ပြီး ကိုယ်စီးမယ့်ကားလာတာကို မတွေ့ရတဲ့အတွက် ဟိုဘက်ပြေးလိုက်၊ ဒီဘက်ပြေးလိုက်နဲ့ တကယ်ကို ရင်မောစိတ်ရှုပ်ကြရပါတယ်။
စီးမယ့်ကား တွေ့ပြန်ရင်လည်း နေရာမရတဲ့အတွက် လမ်းလယ်ကောင် ယာဉ်ကြောမှာ ရပ်တာကို အသက် အန္တရာယ်ဂရုမထားနိုင်ဘဲ အပြေးအလွှားစီးကြရတဲ့ ခရီးသည်တွေရဲ့ဒုက္ခကို စာနာစေချင်ပါတယ်။ ဒါကြောင့် ရုံးတက်ရုံးဆင်းချိန် ပန်းဆိုးတန်းမှတ်တိုင်မှာ ယာဉ်ထိန်းရဲတစ်ယောက် တာဝန်ချထားပေးစေချင် သလို တခြားလူစည်ကားတဲ့ မှတ်တိုင်တွေမှာလည်း ခရီးသည်တွေရဲ့ဒုက္ခကို ဖြေရှင်းပေးဖို့ ယာဉ်ထိန်းရဲ မဟုတ်ရင်တောင်မှ တာဝန်ရှိသူတစ်ဦးကို တာဝန်ချထားပေးစေချင်တဲ့ ခရီးသည်တွေကိုယ်စား စာရေး လိုက်ပါတယ်ဆိုတဲ့ စာကိုဖော်ပြလိုက်ပါတယ်။
Credit - Mizzima News
No comments:
Post a Comment