Thursday, February 19, 2015

ရာပြည့်ပွဲမှရသည့် အလှူငွေများဖြင့် ဗိုလ်ချုပ် အောင်ဆန်းဖောင်ဒေးရှင်း တည်ထောင်မည်

ရန်ကုန် (မဇ္ဈိမ)။ ။ ဆင်းရဲနွမ်းပါး၍ ကျောင်းတက်ရန် ခက်ခဲနေသော ကျောင်းသားများ၊ သက်ကြီးရွယ်အိုများ၊ သဘာဝဘေး ဒုက္ခသည်များကို ထောက်ပံ့ပေးအပ် ရန် ရည်ရွယ်၍ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်ပွဲကို နတ်မောက်မြို့တွင် တစ်ပတ်ကြာ ပျော်ပွဲရွှင်ပွဲများဖြင့် ကျင်းပပြီးစီးခဲ့ပြီး ရရှိသည့် အလှူငွေများဖြင့် ဗိုလ်ချုပ် အောင်ဆန်း ဖောင်ဒေးရှင်း တည်ထောင်မည်ဟု နတ်မောက်မြို့ ပွဲကျင်းပရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာ စိုးမင်းက မဇ္ဈိမကို ပြောသည်။

General-Aung-San-100-Year-Birthday-Yangon-1
သာကေတ Capital Hyper market အပြင်ဆိုင်ခန်းများမှ ကြီးမှူးကျင်းပသော ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ပွဲကို ဖေဖော်ဝါရီလ ၁၃ ရက် နံနက်က ကျင်းပနေစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)



နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်ပွဲမှ ရရှိသည့် အလှူငွေသည် လက်ရှိတွင် သိန်း ၉ဝဝ ဝန်းကျင်ရရှိထားပြီး နောက်ဆုံး ကျန်ရှိသည့် အလှူ ငွေများကို စုပေါင်းကာ ဖောင်ဒေးရှင်းပြု လုပ်သွားမည်ဟု ဒေါက်တာ စိုးမင်းက ပြောသည်။

''ကျွန်တော်တို့ အလှူငွေ ရရှိတာက လက်ကျန် သိန်း ၉ဝဝ ပါ။ အစတုန်းက အဲဒီထက်မက ရရှိပါတယ်။ ဒီသိန်း ၉ဝဝ ကလည်း စာရင်း မရှင်းရသေးပါဘူး။ စာရင်း ရှင်းရဦးမယ်။ ဖုန်းနဲ့ကော၊ အီးမေးလ်နဲ့ကော လှမ်းပြီးတော့ လှူတာတွေ ရှိတယ်။ အဲဒါတွေ စာရင်း မရှင်းရသေးဘူး။ နောက်ဆုံးကျန်တဲ့ လက်ကျန်ကို ကျွန်တော်တို့ နတ်မောက်သားတွေပဲ မဟုတ်ဘူး။ တစ်နိုင်ငံလုံးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်း ပြုလုပ် သွားမှာပါ။ ဒီဖောင်ဒေးရှင်းကို ကျွန်တော်တို့က ဗိုလ်ချုပ်သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ဦးဆောင်ဖို့ ပြောကြားသွားမှာပါ'' ဟု ၎င်းက ပြောသည်။

ယင်းဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်းကို တည်ထောင်နိုင်ရန် အခြားသော ဖောင်ဒေးရှင်း အဖွဲ့အစည်း များကို လေ့လာသွားမည်ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်းဖောင်ဒေးရှင်း တည်ထောင်ရာတွင်လည်း နတ် မောက်မြို့မှ ဦးဆောင်ပြုလုပ်သွားမည် မဟုတ်ဘဲ တစ်နိုင်ငံလုံး နှင့် သက်ဆိုင်သည့် ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်း ပြုလုပ်သွားမည်ဟု ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲတော်ကို ဗိုလ်ချုပ်အောင်ဆန်း ဇာတိနတ်မောက်မြို့တွင် ဖေဖော်ဝါရီ ၇ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့သည်။ ပွဲကျင်းပစဉ် ကာလအတွင်း ကားလမ်းများ ပိတ်သည်အထိ စည်ကားခဲ့သော်လည်း ကားတိုက်မှု၊ မီးလောင်မှုနှင့် ရန်ဖြစ်မှုစသည့် ပြဿနာများ ဖြစ်ပေါ်ခြင်းမရှိဘဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဟု ပွဲကျင်းပရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာ စိုးမင်းက ပြောသည်။

Credit - Mizzima News

No comments:

Post a Comment