Sunday, February 15, 2015

ကိုးကန့်နဲ့ ဖုန်ကြားရှင် (ဆောင်းပါး)

– စည်သူအောင်မြင့်

ဦးဖုန်ကြားရှင်ဆိုတာ ဗိုလ်ချုပ်ခင်ညွန့်နဲ့ အလွန်ရင်းနှီးသူလည်း ဖြစ်ခဲ့သတဲ့ … ၂၀၀၉ခုနှစ်မှာ အကြောင်းရမယ် ရှာပြီး သူ့သြဇာခံတပ်တွေကို အစိုးရတပ်က မြန်မြန်ဆန်ဆန်တိုက်၊ ကိုးကန့်ကိုသိမ်းလိုက်တော့ သူလည်း ထွက် ပြေးရတာပေါ့ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လာကပေါ်- အခုတော့ ပြည်ထောင်စုနေ့ဆိုတာကြီး ကို သေနတ်သံကြားမှာ ကျင်းပရတော့မယ်နော်။

အောင်ကျော် – ဒါပေါ့ဗျာ။ သေနတ်သံတောင် ရိုးရိုးသေနတ် သံ မဟုတ်ဘူး။ ဟယ်လီကော်ပတာနဲ့ ပစ်ခတ် တာတွေရော၊ ဂျက်တိုက်လေယာဉ်နဲ့ ပစ်တာတွေတောင် ပါတယ်တဲ့။

လာကပေါ်- အမလေးလေး။ တိုက်ပွဲကြီးတွေပဲ။ လက်ရှိ ကိုးကန့်ဘက်ကတိုက် ပွဲတွေအကြောင်း အကြမ်းဖျင်း ရှင်းပြပါဦး။

အောင်ကျော် – စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ။ လျှာရှည်တာတော့ မဟုတ်ဘူး။ ခင်ဗျားသိအောင် အစကပြော ပြ ရမလား။

လာကပေါ်- အင်း .. ပြော။…

အောင်ကျော်- ဒီလိုဗျ။ ၁၉၆၇ ခုနှစ်၊ ဇွန်လ မြန်မာနိုင်ငံမှာ တရုတ်-ဗမာအရေး အခင်းဖြစ်တယ်။ ရန်ကုန်နဲ့ မြို့ အတော် များများမှာ တရုတ်လူမျိုးတွေ တိုက်ခိုက် သတ်ဖြတ်ခံရတယ်။

လာကပေါ် – ရခိုင်ပြည်နယ်မှာ ဆန်ရှားပါးပြတ်လတ်မှု ပြဿနာကြီးပေါ်တာကို အာဏာရှင် ဗိုလ်ချုပ်နေ၀င်း အာရုံပြောင်းဖို့ လုပ်တာလို့ ပြောကြတယ်။

အောင်ကျော်- အဲလို တရုတ်-ဗမာ အရေးအခင်းဖြစ်တာကိုမကျေနပ်လို့ ကွန် မြူနစ်တရုတ်အစိုးရဟာ သူ့နိုင်ငံ ထဲ ၀င်ရောက်ခိုလှုံနေ တဲ့ မြန်မာသူပုန်တပ်ဖွဲ့တချို့ကိုစု၊ ဗမာပြည်ကွန်မြူနစ်ပါတီ အလံအောက် စုစည်းစေပြီး တရုတ်ဗော်လံ တီယာတပ်တွေနဲ့အတူ ၁၉၆၈ ဇန်န၀ါရီ (၁)ရက်နေ့က စ မြန်မာ့နယ်စပ်က အစိုးရတပ်စခန်းတွေ ကို စပြီးတိုက်ခိုက်ခဲ့တယ်။

လာကပေါ်- သြော်။

အောင်ကျော် – ပထမဦးဆုံးဝင်တိုက်တဲ့နေရာဟာ အခုပြဿနာဖြစ်နေတဲ့၊ လူတွေစိတ်ဝင်စားနေတဲ့ ကိုးကန့် ဒေသပဲ။

လာကပေါ်- သြော်၊ တိုက်ဆိုင်တယ်နော်။

အောင်ကျော် – ဟုတ်တယ်။ တိတိကျကျပြောရရင် ကိုးကန့်ဒေသ၊ မုန်းကိုးက ခလရ ၄၅ စခန်းကို စတိုက်ပြီး စစ်မျက်နှာ သစ်ဖွင့်လိုက်တာပဲ။ အဲလိုနည်းနဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ ဗမာပြည်ကွန်မြူ နစ်ပါတီ ဆိုတာ ပြန်ပေါ်လာတာ။

လာကပေါ်-သြော် ကိုးကန့်က အဦးအစ နေရာကိုး။

အောင်ကျော် – သူက အဲဒီမှာတင် အဦးအစ မဟုတ်ဘူးဗျ။ ဒီလောက် အင်အားများ၊ ခိုင်ခံ့ပါတယ်ဆိုတဲ့ ဗကပ ကို ပုန်ကန်တဲ့ဆီမှာလည်း ဦးဖုန်ကြားရှင်နဲ့ ကိုးကန့် တပ်ဖွဲ့က ထိပ်ဆုံးကပဲ။

လာကပေါ်- ဟုတ်လား။

အောင်ကျော် – ဟုတ်တယ်။ ၁၉၈၉ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်မှုကို ပယ်ရှားလိုက်လို့ ပထမဦးဆုံး ကြေညာတာ ကိုးကန့်တပ်ဖွဲ့တွေပဲ။ အဲဒီမှာ ဗကပခေါင်းဆောင်ကြီးတွေ ဒေါသူပုန် ထတော့တာပဲ။ ကိုးကန့်ကို ဖောက်ပြန်တဲ့ တပ်ဖွဲ့၊ ရန်သူအဖြစ် သတ်မှတ်၊ အပြတ် တိုက်ရမယ်လို့ လုပ်သတဲ့။

လာကပေါ် – သြော်။

အောင်ကျော်- ပြောရရင် ကိုးကန့်နဲ့ ဗကပ ဌာနချုပ်ရှိတဲ့ ၀နယ်မြေက နယ်မြေ ချင်းဆက်နေတယ်။ အဲဒီမှာ ဗက ပပေါ်လစ် ဗျူရိုအဖွဲ့ဝင်၊ အရှေ့မြောက်စစ်ဒေသ စစ်ဒေသမှူး ရဲဘော်စိုးသိမ်းကို ဦးဆောင်ခိုင်းပြီး ၀တပ်နဲ့ အတူ ကိုးကန့်ကို သွားတိုက်ခိုင်းတယ်ဗျ။

လာကပေါ်- ဟောဗျ။ ဗကပတပ် အချင်းချင်း ချကြသလား။

အောင်ကျော် – မချပါဘူး။ ၀ခေါင်းဆောင်တွေက ကိုးကန့်ကို မတိုက်ချင်ဘူး။ တိုင်းရင်းသားအချင်းချင်း ပဲလေ။ နောက်တော့ ၀ မြောက်ဒေသမှာ သူတို့ခေါင်းဆောင်၊ စစ်ဒေသမှူး ရဲဘော်စိုးသိမ်းနဲ့ ၀မြောက်ခရိုင် ခရိုင်မှူး ရဲဘော်မြသန်းတို့ကို ယာယီထိမ်းသိမ်းထားလိုက်ပြီး ပန်ဆန်း ဗဟိုဌာနချုပ်ကို ပြန်အာဏာသိမ်းဖို့ လုပ် တော့ တာပဲဗျာ။

လာကပေါ်- သြော် ခင်ဗျား အဲဒီအချိန် ပန်ဆန်းဗဟိုဌာနချုပ်မှာ ရှိနေခဲ့တယ် မဟုတ်လား။

အောင်ကျော် -ဟုတ်တယ်။ ကျွန်တော် ပြောချင်တာ ဗကပအာဏာသိမ်းပွဲအကြောင်း မဟုတ်ဘူးဗျ။ ကိုးကန့် အကြောင်း။

လာကပေါ်- ဆက်စမ်းပါဦး။

အောင်ကျော် – အဲတော့ အာဏာသိမ်းခံလိုက်ရတဲ့ ဗကပခေါင်းဆောင်ပိုင်းတွေ တရုတ်ပြည်ဘက်ကို ထွက်ကြ ရတာ ပေါ့ဗျာ။ ၀တပ်ဖွဲ့တွေက သူတို့ခေါင်းဆောင်ဟောင်းတွေကို ဘာမှမလုပ်ပါဘူးဗျ။ တရုတ်ပြည်ဘက် မောင်း ထုတ်တာပဲ လုပ်တယ်။ ဥက္ကဋ္ဌ သခင်ဗသိန်းတင်ဆိုရင် မထွက်ဘူးဆိုလို့ သူတို့ဝတပ်ဖွဲ့ ၀င်တွေက ထမ်း စင်နဲ့ ထမ်းပြီး တရုတ်ပြည်နယ်စပ်အထိ ထမ်းပို့လိုက်ကြတယ်။

လာကပေါ်- သြော်။

အောင်ကျော် – တရုတ်ပြည်ဘက် ရောက်တော့ ဗကပခေါင်းဆောင်တွေ ပြန်စုစည်းပြီး လက်ကျန်လူငယ် အင် အားစုတွေနဲ့ တပ်ဖွဲ့တစ်ခုပြန်ဖွဲ့တယ်။ အဲဒီတပ်ဖွဲ့ကို လက်နက်တပ်ဆင်ပေးပြီး မြန်မာပြည် ထဲပြန်ဝင်စေ မယ်ပေါ့။ ဆိုတော့ ဗမာပြည်ထဲပြန်ဝင်ဖို့ ဘယ်နေရာ ဘယ်ဒေသကို ရွေးချယ်လဲ ခင်ဗျားသိလား။

လာကပေါ် – ဘယ်သိမလဲ။

အောင်ကျော် – ကိုးကန့်ဒေသကိုပဲဗျ။

လာကပေါ် – အင်၊ တိုက်ဆိုင်တယ်နော်။

အောင်ကျော် – ဟုတ်တယ်။ ဗကပတွေ ပထမဦးဆုံးဝင်တိုက်ခဲ့တဲ့ မုန်းကိုး တစ်ဖက်ကမ်း တရုတ်ပြည်ဘက် အခြမ်းမှာ ဗကပလက်ကျန် တပ်ဖွဲ့တွေ ပြန်စုစည်းကြ တယ်။ အကြောင်းကတော့ အဲဒီတရုတ် ဘက်အခြမ်းက ဂိုဒေါင်တွေမှာ လက်နက်တွေ၊ အမြောက်တွေ အလုံအလောက်ရှိ တယ်ဗျ။

လာကပေါ် – ၀င်တိုက်ဖြစ်လား။

အောင်ကျော် – သူတို့ ဗကပထိပ်ပိုင်း ဘယ်လိုဆွေးနွေးတယ်မသိဘူး။ တရုတ်တွေနဲ့လည်း ဘယ်လိုစကားပြော တယ် မသိဘူး။ ဒီသတင်းအစအန ရသွားလို့နဲ့ တူပါရဲ့၊ ဖုန်ကြားရှင်ဟာ သူ့နယ်မြေထဲ အစိုးရတပ်တွေခေါ် သွင်းပြီး ကာထားလိုက်တယ်။ ဗကပက ၀င်တိုက်ရင် အဆင်သင့် ဖြစ်ရအောင်။

လာကပေါ် – အင်း ဦးဖုန်ကြားရှင်ကတော့ တကယ့်ဦးနှောက်ကောင်းသူ ပဲနော်။

အောင်ကျော် – ဟုတ်တယ်။ အဲလိုနဲ့ ဗကပတပ်တွေဟာ ကိုးကန့်ကို ၀င်မတိုက်ဖြစ်တော့ပဲ တရုတ်ကွန်မြူနစ် ပါတီ အကူအညီနဲ့ ဦးဆခုံတိန့်ယိန်း ဦးဆောင်တဲ့ ကချင် ၁၀၁စစ်ဒေသကို ရွှေ့သွားခဲ့ရတယ်ဗျ။

လာကပေါ် – သြော်။

အောင်ကျော် – ဒီလိုနဲ့ ကိုးကန့်ဟာ အဲဒီခေတ် စစ်အစိုးရနဲ့ ပထမဦးဆုံး အပစ်အခတ်ရပ်စဲတဲ့ တပ်ဖွဲ့ ဖြစ်လာ တာပေါ့ဗျာ။ သူ့ကောင်းမှုကြောင့် နောက်ပိုင်း ဗကပ ခေါင်းဆောင်မှုအောက်က ခွဲထွက်လာတဲ့ ၀၊ မိုင်းလား၊ ကချင်အထူးဒေသ(၁) အစရှိသဖြင့် အင်အားကြီးတဲ့တပ်ဖွဲ့တွေ အပစ်ရပ်လိုက်နိုင်ကြတယ်။ ၁၉၈၈မှာ လူထုရဲ့ ဒီမိုကရေစီ အရေးတောင်းဆိုမှုကို အကြမ်းဖက်အာဏာသိမ်းထားတဲ့ စစ်အစိုးရအတွက် တကယ့် အသက်ရှူ ချောင် သွားစေတာပေါ့ဗျာ။ နောက်ပိုင်း ဦးဖုန်ကြားရှင်ဆိုတာ ဗိုလ်ချုပ်ခင်ညွန့်နဲ့ အလွန်ရင်းနှီးသူ လည်း ဖြစ်ခဲ့သ တဲ့။

လာကပေါ် – အဲလို ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ စစ်ရေးမပူပင်ရတော့လို့ပဲ န၀တအစိုးရဟာ တောင်ပိုင်း က ကရင်တပ်ဖွဲ့တွေကို ဖိတိုက်၊ မြို့ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီနဲ့ အတိုက်အခံတွေကို အကြီးအကျယ် ဖိနှိပ်နိုင်တာနေမှာ။

အောင်ကျော် – အမှန်ပေါ့ဗျာ။ ဒီလို နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြုပြီးနောက် စစ်အစိုးရဟာ အဲဒီလက်နက် ကိုင် တပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ဖိအားပေးခဲ့တယ်။ ထုံးစံအတိုင်း ဦးဖုန်ကြားရှင်က လက်မခံဘူး။ ဒါပေမဲ့ ခက်တာက သူ့ကိုးကန့်နယ်မှာ အစိုးရတပ်ကို ခေါ်သွင်းထားပြီးသား။ ဆိုတော့ ၂၀၀၉ခုနှစ်မှာ အကြောင်းရမယ် ရှာပြီး သူ့သြဇာခံတပ်တွေကို အစိုးရတပ်က မြန်မြန်ဆန်ဆန်တိုက်၊ ကိုးကန့်ကိုသိမ်းလိုက်တော့ သူလည်းထွက် ပြေးရတာပေါ့ဗျာ။ ဒါပေမဲ့ စစ်အစိုးရကိုတော့ အတော်နာကြည်းသွားလိမ့်မယ်။

လာကပေါ် – အမှန်ပေါ့ဗျာ။

အောင်ကျော် – အဲလိုနဲ့ ၂၀၁၄ ခုနှစ်ထဲမှာ ဖုန်ကြားရှင်ဆိုပြီး ပြန်ပေါ်လာ တာပေါ့ဗျာ။ သူက နိုင်ငံရေးသိပ် သိတယ်ဗျ။ ပထမသူပြန်ဖွဲ့တဲ့ တပ်တွေက ပလောင် ဒေသတွေမှာ ပူးပေါင်းတိုက်ခိုက်တယ်။ အခု ကိုးကန့် ဘက်မှာ တိုက်ပွဲစဖော်တယ်။ သူ့အခေါ် အိမ်ပြန်တယ်ပေါ့ဗျာ။

လာကပေါ် – အင်း ပွဲက ကြမ်းတယ်နော်။

အောင်ကျော် – ဒါပေါ့ဗျာ။ကျွန်တော် နားလည်တာ တစ်ခုပဲဗျ။ မြန်မာပြည်က ပြဿနာတွေကို စစ်ရေးနည်းနဲ့ ဖြေရှင်းလို့ မရနိုင်ဘူးဆိုတာ အခုကိုးကန့်ကိစ္စကလည်း သက်သေတစ်ခုပဲဗျ။ ၂၀၀၉ ခုနှစ်မှာ တိုက် ထုတ်လိုက် လို့ ပျောက်သွားတယ်။ ၅ နှစ်အကြာ ဟော ၂၀၁၄ မှာပြန်ပေါ်၊ ဟော ခုတော့ သူ့ဒေသမှာ တိုက်ပွဲ ပြန်ဖော် နေပြီ။ အဲဒါဘယ်လိုဆက်ဖြစ်မယ် မပြောနိုင်ဘူး။

လာကပေါ် – အင်း၊ နိုင်ငံရေး ပြဿနာ ဖြေရှင်းမှပြီးမှာနော်။

အောင်ကျော် – ဒါပေါ့ဗျာ။ ဒါပေါ့။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

 
 

No comments:

Post a Comment