ရန်ကုန် (မဇ္ဈိမ)။ ။ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ပင်မ
သပိတ်စစ်ကြောင်းသည် အခြေခံပညာ စာမေးပွဲဖြေဆိုရက်များအတွင်း သပိတ်ကို
ရပ်ထားခြင်းဖြစ်ပြီး လွှတ်တော်အတွင်း အမျိုးသား ပညာရေး ဥပဒေကို
အတည်ပြုသည့်ကာလတွင် စောင့်ဆိုင်းနေခြင်းကြောင့် သပိတ်ရပ်နားမှုကို
ထောက်ခံသည်ဟု အကြမ်းမဖက်တရားမျှတမှု ပေါ်ပေါက်ရေး လှုပ်ရှားမှုအဖွဲ့
ကိုသီဟမောင်မောင်က မဇ္ဈိမသို့ ပြောသည်။

ကျောင်းသား
သပိတ်စစ်ကြောင်းသည် ဖေဖေါ်ဝါရီလ ၈ ရက် နံနက် ၁၀ နာရီခွဲတွင်
အောင်လံမြို့ရှိ တည်ခိုးရာ တာဝတိံသာ ကျောင်းတိုက်မှ ထွက်ခွါ၍ ပြည်မြို့သို့
ချီတက်နေစဉ်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)
"ကျောင်းသားငယ်လေးတွေ စာမေးပွဲတွေရှိလို့ ကျောင်းသား သပိတ်တွေ ရပ်နားမယ်ဆိုတာကို ထောက်ခံချက် သဘောတူလို့ ထုတ်ပြန်ချက် ထုတ်တာပါ။ ကျောင်းသားတွေ တောင်းဆိုချက်ကို မရဘူးဆိုရင် သပိတ်အရှိန်မြှင့်သွားတဲ့အခါမှာ ဝန်းရံသွားမယ် ဆိုတာကို ပြောတာပါ"ဟု ၎င်းက ပြောသည်။
မန္တလေး ပင်မစစ်ကြောင်းသည် မတ်လ ၁ ရက် အထိ သပိတ်ကို ခေတ္တရပ်နားထားမည်ဟု ဖေဖေါ်ဝါရီ ၁၈ ရက်တွင် လက်ပံတန်းမြို့နယ် တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှု ကွန်ယက်နှင့် ဆွေးနွေး၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
“သပိတ်မှာပါဝင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ကျောင်းပြန်တက်လို့ ကျောင်းတွေက ဖိအားပေးတာတို့၊ တခုခု လုပ်တာမျိုးရှိရင် ကျွန်တော်တို့ ဆွေးနွေးထားတဲ့ ကတိကဝတ်အတိုင်း လုပ်ဆောင်သွားမှာပါ၊ အခု သပိတ်က လှန်လိုက်တာမဟုတ်ဘူး သပိတ်နားပြီး အစိုးရ လွှတ်တော် စောင့်ကြည့်တာပါ၊ ကျောင်းတွေ တက္ကသိုလ်တွေကို လိုက်ပြီးတော့ သပိတ်ကျောင်းသားတွေနဲ့ ပတ်သက်ပြီး လိုက်ပြောထားမှာပါ” ဟု ဧရာဝတီတိုင်း ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းတွင် ပါဝင်သည့် ကိုကောင်းခန့်ဇော်က မဇ္ဈိမကို ပြောသည်။
အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်နိုင်ရန် လွှတ်တော်အတွင်း ဆွေးနွေးနေသည့် အချိန်ကာလအတွင်း မော်လမြိုင်၊ ထားဝယ်၊ ပခုက္ကူ၊ မြေလတ်၊ ဧရာဝတီ၊ ပုသိမ် ကျောင်းသား သပိတ်စစ်ကြောင်းများက ဖေဖော်ဝါရီ ၁၇ ရက်မှ စတင်၍ ခတ္တရပ်နားထားပြီး စောင့်ကြည့်လျက်ရှိသည်။
မန္တလေး သပိတ်စစ်ကြောင်းသည် ဇန်နဝါရီ ၂၀ ရက်တွင် စတင်ခဲ့ပြီး မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းတို့ကိုဖြတ်ကာ လက်ရှိတွင် လက်ပံတန်းမြို့တွင် နားနေလျက်ရှိပြီး မေလ ၁ ရက်တွင် သပိတ်ပြန်လည်ထွက်ခွာမည် ဖြစ်သည်။
အစိုးရကလည်း ဖေဖော်ဝါရီ ၁၃ ရက် ရက်စွဲဖြင့်ပင် အမျိုးသား ပညာရေး သပိတ်မှောက်ကျောင်းသား စစ်ကြောင်းများ ရန်ကုန်သို့ ဝင်ရောက်ပါက အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
Credit - Mizzima News
No comments:
Post a Comment