Friday, February 20, 2015

အစိုးရညှိနှိုင်းမှု လုပ်သည်အထိ တုံကျေးရွာသပိတ်စခန်းဖွင့်မည်

 ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

မြေယာလျော်ကြေး ယူမထားသည့် မတရားသိမ်းဆည်းခံ မြေယာ များ ပြန်လည်ရရှိရန် တုံကျေးရွာအုပ်စုနှင့် ဆည်တည်း၊ ဇီးတောမိုးကြိုးပြင် ၃ ရွာတို့ပေါင်းကာ တုံရွာကားလမ်းအနီးတွင် ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၅း၂၀ နာရီခန့်တွင် လက်ပံတောင်းတောင် သပိတ်စခန်းကို စတင်ဖွင့်လှစ်ခဲ့သည်။

တုံရွာအုပ်စုနှင့် ဆည်တည်း၊ ဇီးတောရွာကြား ၀မ်ပေါင်ကုမ္ပဏီမှ ခြံစည်းရိုး ခတ်ထားသည့် သံဆူးကြိုး အကာအရံများကို တောင်သူများက ဖြိုချဖယ်ရှားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခများ ထပ်မံဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ အရန်သင့် ချထားဆဲ ဖြစ်ကြောင်းကို တုံရွာသပိတ်စခန်းမှ ဒေါ်ချိုက ““လုံခြုံရေး ရဲအင်အားတွေ ကတော့ အများကြီးချထားတယ်””ဟု ပြောသည်။

အစိုးရအနေဖြင့် ညှိနှိုင်း ဆွေးနွေးမှုများ မရှိသေးကြောင်းနှင့် ဆွေးနွေးမှု မပြီးမချင်း သပိတ်မရုပ်နိုင်ကြောင်းကို ““အခုအချိန်ထိ လာရောက်ညှိနှိုင်းတာ ဘာတစ်ခုမှမရှိပါဘူး။ သိမ်းဆည်း လယ်ယာမြေတွေ ပြန်ရရေးနဲ့ ပတ်သက်ပြီး လာရောက် မညှိနှိုင်းမချင်း သပိတ်စခန်း လုပ်ထားမယ်၊ ရက်အကန့်အသတ် မရှိပါဘူး။ ကိုယ့်မြေ ပြန်ရရေးပဲ တောင်းဆိုသွားမှာပါ”” ဟု ဒေါ်ချိုက မြန်မာသံတော်ဆင့်သို့ ပြောသည်။…

ဖေဖော်ဝါရီ ၁၆ ရက် ညနေတွင်လည်း ၀မ်ပေါင်ကုမ္ပဏီဘက်မှ လုံခြုံရေးအင်အား ရယူကာ အဆောက် အအုံ ဆောက်ရန် လယ်ယာမြေများကို ဘက်ဟိုးနှင့် ကော်သောကြောင့် ဒေသခံများက တားဆီးရာ အပြန်အလှန် ပဋိပက္ခထပ်မံ ဖြစ်ပွားခဲ့သည်။

အဆိုပါ ပဋိပက္ခတွင်လည်း ဒေသခံများ ဒဏ်ရာရခဲ့ကြောင်းကို တုံကျေးရွာမှ မစန္ဒာက““သူတို့ဘက်က စပစ်တယ်။ ပြီးတော့ နှစ်ဖက် အပြန်အလှန်ပစ်တယ်။ သူတို့က သေနတ်တွေထဲကို ဘိလပ်မြေ လောက်စာလုံးတွေထည့်ပြီး ပစ်တဲ့အတွက် မျက်လုံးနားတစ်ဝိုက် နားထင်မှန်တာတွေ ရှိတယ်။ ရင်ဘတ်တို့၊ ပေါင်တို့ မှန်တာတွေရှိတယ်။ ဒဏ်ရာရတဲ့သူ ၁၀ ဦးကျော်လောက် ရှိတယ်။ သူတို့ကတော့ ဒိုင်းတွေနဲ့ ကာပစ်တယ်””ဟု ပြောသည်။

၂၀၁၄ ဒီဇင်ဘာ ၂၂ ရက်နေ့တွင်လည်း လျော်ကြေးမယူသည့် သိမ်းဆည်းခံ မြေယာများကို ၀မ်ပေါင် ကုမ္ပဏီဘက်မှ လုံခြုံရေး အင်အားသုံးကာ ခြံစည်းရိုးခတ်ခြင်းကို အကြောင်းပြုပြီး ရဲတပ်ဖွဲ့ဝင် များနှင့် ဒေသခံများ ပဋိပက္ခ ဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်၍ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်းမှာ သေနတ် ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး လူ ၄၀ ဦးခန့် ဒဏ်ရာရရှိခဲ့သော စီမံကိန်းဖြစ်သည်။

ဝမ်ပေါင်ကုမ္ပဏီမှ ခတ်ထားသော ခြံစည်းရိုးအတွင်းတွင် လျော်ကြေးမယူသော လယ်ယာမြေများမှာ ဧက ၃၀၀၀ ကျော်ရှိသည်။

အစိုးရက လက်ပံတောင်း သပိတ်စခန်းကို ၂၀၁၃ နိုဝင်ဘာ ၂၉ ရက် နံနက် ၂ နာရီကျော်ခန့်က မီးလောင်ဗုံး သုံးကာ ဖြိုခွင်းခဲ့ပြီး သပိတ်စခန်းတွင် ရှိနေသော သံဃာတော်များမှာ မီးလောင်ဒဏ် သင့်ခဲ့သည်။

နေမျိုးဝင်း

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment