မန္တလေး (မဇ္ဈိမ)။ ။ လျှပ်စစ်ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များကို မြန်မာအက္ခရာ နံပတ်များဖြင့် ချထားခဲ့ရာမှ ယာဉ်များအားလုံးနည်းတူ အင်္ဂလိပ် အက္ခရာ နံပတ်များ ပြောင်းလဲသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (မန္တလေး) တာဝန်ရှိသူ တစ်ဦးက ပြောသည်။
''ရုံးချုပ်က ညွှန်ကြားချက်ထွက်လာတဲ့အတွက် လျှပ်စစ်ဆိုင်ကယ်နဲ့ လျှပ်စစ်သုံးဘီး ဆိုင်ကယ်တွေကို အင်္ဂလိပ်အက္ခရာ ပြောင်းရမှာပါ။ ကညနရုံးစိုက်ရာမှာ လုပ်ပေးနေပါပြီ''ဟု ကညန (မန္တလေး) တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
လျှပ်စစ်ဆိုင်ကယ်များကို 'ဍ' အက္ခရာ မှ 44-W သို့၎င်း၊ လျှပ်စစ်သုံးဘီးဆိုင်ကယ်များကို 'ဋ'အက္ခရာမှ '7-U' သို့ ၎င်း ပြောင်းလဲမည်ဖြစ်၍ မန္တလေးတိုင်းဒေသကြီးအတွင်း၌ လျှပ်စစ်ဆိုင်ကယ် အစီးရေ ၁,၈ဝ၇ စီး နှင့် လျှပ်စစ်သုံးဘီး ဆိုင်ကယ် ၁၁၄ စီးရှိကြောင်း ဆိုသည်။
လျှပ်စစ်ဆိုင်ကယ်များကို ယာဉ်မှတ်ပုံ တင်သက်တမ်း လေးနှစ်ပေးထားပြီး အင်ဂျင်ဆိုင်ကယ်များမှာ မှတ်ပုံတင် သက်တမ်း နှစ်နှစ်သာ ပေးထားသည်ဟု ဆိုသည်။
''လျှပ်စစ်ဆိုင်ကယ်တွေက သဘာဝပတ်ဝန်းကျင်ကို ထိမ်းတယ်။ ကာဗွန်ဓာတ် ငွေ့လည်းမထွက်ဘူး၊ အသံလည်း မကြားရဘူး။ အင်ဂျင်မပါလို့ စက်တုန်ခါမှုလည်း မရှိတော့ သင့်တော်တယ်'' ဟု လျှပ်စစ်ဆိုင်ကယ်စီးသူ ကိုမောင်ဝင်းက ပြောသည်။
လျှပ်စစ်ဆိုင်ကယ်နှင့် လျှပ်စစ်သုံးဘီးများမှာ ဈေးကွက်တွင် တွင်ကျယ်မှုမရှိသဖြင့် အသုံးပြုသူနည်းနေသေး ကြောင်း၊ ယင်းတို့ကိုအသုံးပြုပါက နေ့စဉ်ထည့်ရသည့် စက်သုံးဆီကုန်ကျငွေမရှိသဖြင့် ဝင်ငွေ စုဆောင်း နိုင်ကြောင်း လျှပ်စစ်ဆိုင်ကယ် ရောင်းချသည့် တက်စိန်ကုမ္ပဏီမှ အရောင်းမန်နေဂျာ ဖြစ်သူမစန္ဒာဝင်းက ပြောသည်။
အင်္ဂလိပ်အက္ခရာသို့ ပြောင်းလဲရာ၌ ယာဉ်သက်သေခံလက်မှတ် (အဝိုင်း) အဟောင်းမှ အသစ်ပြောင်းလဲ၍ ယာဉ် မှတ်ပုံတင်စာအုပ် (အုံနာဘုတ်)တွင်လည်း နံပတ်အသစ်ဖြင့် မှတ်တမ်းပြုစုပေးမှာဖြစ်ကြောင်း၊ အဆိုပါယာဉ်များကို ရှေ့မျက်နှာစာမှ 3D ဓာတ်ပုံဖြင့် ရိုက်ကူးမည်ဖြစ်သည်။ ဖောင်းကြွ နံပတ်ပြား အသစ်အတွက် နံပတ်ဖိုးမှာမူ ငါးထောင်ကျပ် ပေးသွင်းရမှာဖြစ်သည်။ မန္တလေးတိုင်းအတွက် နံပတ်များမှာ ရှစ်ထောင်ကျော် နံပတ်များဖြစ်ကြောင်း သိရသည်။
Credit - Mizzima News
No comments:
Post a Comment