Friday, February 20, 2015

တပ်ဖွဲ့စည်းပုံ ပြောင်းလဲရေးကိစ္စရပ်ကြောင့် အပစ်ရပ်လက်မှတ်ရေးထိုးရန် ကြန့်ကြာ

 ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

တိုင်းရင်းသား လက်နက်ကိုင်တပ်များ၏ ဖွဲ့စည်းပုံပြောင်းရေးကိစ္စဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးရန် ကြန့်ကြာနေရခြင်း ဖြစ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ညီလာခံတွင် တင်ပြခဲ့ကြောင်း အဆိုပါညီလာခံသို့ တက်ရောက်ခဲ့သူ ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်က ဖေဖော်ဝါရီ ၁၇ ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များက ၎င်းတို့၏ လက်နက်ကိုင် တပ်များအား နိုင်ငံရေး ဆွေးနွေးပွဲပြီးမှသာ ဖွဲ့စည်းပုံကို ပြောင်းလိုသော်လည်း အစိုးရက အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးချိန်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်များ၏ ဖွဲ့စည်းပုံကို ပြောင်းလဲစေ လိုသည့်အတွက် NCCT အနေဖြင့် UNA ညီလာခံတွင် တင်ပြခဲ့ခြင်း ဖြစ်သည်။…

““လက်မှတ်ထိုးပြီးတာနဲ့ တပ်တွေကို အသွင်ပြောင်းဖို့ ဆိုတာကျတော့ တိုင်းရင်းသား တပ်တွေမှာ စိုးရိမ်စိတ်တွေ ရှိတဲ့အကြောင်း ရှင်းပြပါတယ်။ အစိုးရတပ်ပိုင်းဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကတော့ ချက်ချင်း အသွင်ပြောင်းဖို့ သဘောထားမျိုးတွေ ရှိတယ်လို့ တင်ပြပါတယ်။ တပ်မတော်ကနေ အပစ်အခတ်ရပ်စဲဖို့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အချက် ၆ ချက်သည် အပစ်အခတ်ရပ်စဲဖို့ နိုင်ငံရေးဆွေးနွေးဖို့ အတွက် အဟန့်အတား ဖြစ်တဲ့အကြောင်းတွေကိုလည်း ရှင်းပါတယ်။ တိုင်းရင်းသားတွေကတော့ နိုင်ငံရေးဆွေးနွေးလို့ သဘောတူ ညီချက်ရပြီးမှ တပ်ကိစ္စကို ဆွေးနွေးမယ်””ဟုဦးအေးသာအောင်က ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များ အဟန့်အတား ဖြစ်နေသည်ဆိုသော ကာကွယ်ရေး ဦးစီးချုပ်၏ မူဝါဒ ၆ ရပ်မှာ (၁) ထာဝရငြိမ်းချမ်းရေး ရယူရန်အတွက် အမှန်တကယ် ဆန္ဒရှိရန် (၂) သဘောတူ စာချုပ်များအတိုင်း ကတိတည်ရန် (၃) ငြိမ်းချမ်းရေး သဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန် (၄) ဒေသခံပြည်သူများ အပေါ် ၀န်ထုပ်ဝန်ပိုး မဖြစ်စေရန် (၅) နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲ ဥပဒေများကို လိုက်နာရန်နှင့် (၆) ဒို့တာဝန် အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီ လျှောက်လှမ်းနေမှုတွင် လိုက်ပါလုပ်ဆောင်ရန်တို့ ဖြစ်သည်။

““လက်နက်ကိုင်တပ် အသွင်ပြောင်းတယ်ဆိုတာက တပ်မတော် ကလည်း ပြောင်းရမှာပဲ။ မလိုအပ်တဲ့ အရေအတွက်တွေ လျှော့ချ၊ ထုတ်သင့်တာထုတ်၊ အခြေခံ လိုအပ်ချက်ပေါ့ဗျာ။ တိုင်းရင်းသား လက်နက်ကိုင် တွေလည်း လျှော့မှာပါ။ စစ်စရိတ်ဆိုတာ အင်မတန်ကြီးလေးတာ။ ဦးသိန်းစိန်တို့ အစိုးရလည်း သိပါတယ်။ တစ်ဖက်သတ် လျှော့ခိုင်းရင်တော့ မရဘူး။ ပြောင်းမယ် ဆိုရင်တော့ နိုင်ငံရေးဆွေးနွေး ပွဲပြီးမှပေါ့။ အာမခံချက်တွေ။ ဒါလိမ်တာပဲ။ တစ်ဖက်သတ် လက်မှတ်ထိုးရုံနဲ့ လက်နက်လျှော့ရမယ် ဆိုတော့ ယုံကြည်မှုက မရှိသေးပါဘူး။ ကျွန်တော်တို့ ယုံကြည်မှု အပြည့်အ၀ရှိတယ်။ နောက်ကြောင်း မပြန်တော့ဘူး ဆိုရင် နိုင်ငံရေး ဆွေးနွေးပွဲပြီးပြီ။ လူကြီးသူမတွေမှာ အာမခံချက်တွေနဲ့ လုပ်ရမယ့်ကိစ္စ””ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဒုတိယဥက္ကဋ္ဌဟောင်းဖြစ်သူ ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ပဒိုဒေးဗစ်သာကပေါက သုံးသပ်သည်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)တို့ တရားဝင် ၆ ကြိမ်မြောက် ဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ် စက်တင်ဘာတွင် နောက်ဆုံးပြု လုပ်ခဲ့ပြီး ၇ ကြိမ်မြောက် ဆွေးနွေးပွဲကို ယခုအချိန် အထိ ပြန်လည် စတင်နိုင်ခြင်း မရှိသေးပေ။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment