Sunday, February 15, 2015

တစညပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး ကုန်သွယ်ရေးဝန်ကြီး(ငြိမ်း) ဦးခင်မောင်ကြီးနှင့်ပြောခြင်း

– အံ့ခေါင်မင်း

““ ပြည်ထောင်စုနေ့ ဆိုပြီးလုပ်တာက က ချင်၊ ခုန် ချင်၊ ပျော်ချင်လို့ လုပ်ကြတာမဟုတ်ဘူး ””

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(ယခုကောက်နုတ်ဖော်ပြသော တွေ့ဆုံမေးမြန်းခန်း အမေးအဖြေများ မှာ မြန်မာသံတော်ဆင့် အတွဲ(၁)၊ အမှတ် (၄၉)တွင် ဖော်ပြခဲ့သော အကြောင်းအရာများ ဖြစ်ပါသည်)

၁၉၅၁ ခုနှစ်မှစတင်ကာ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဦးစီးဌာန စစ်ဦး စီးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီအစိုးရလက်ထက်
ကုန်သွယ်ရေးဝန်ကြီး အဖြစ်လည်းကောင်း၊ ပါတီဌာနချုပ်အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ တာဝန်များထမ်းဆောင်ခဲ့သည့် လက်ရှိ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ကြီးနှင့် ပြည်ထောင်စုနေ့ အကြောင်း ပြောကြားခဲ့သည် များကို ယခု ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ကျရောက်သော ၆၈ နှစ် မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် ပြန်လည်ဖော်ပြခြင်းဖြစ် ပါသည်။

အယ်ဒီတာ

»» အဘတို့က မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီခေတ်ကြီး တစ်ခေတ်လုံးမှာ ပြည်ထောင်စုနေ့ အခမ်း အနားတွေလည်း ဦးစီးကျင်းပခဲ့ဖူးတော့။ အဲဒီခေတ်က ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပပုံတွေ သိချင်ပါတယ်။

အဲဒါဆိုရင်တော့ ကိုယ်တို့ ပါတီမှာ တောက်လျှောက်လုပ်လာခဲ့တာ ကိုဟန်ရွှေတို့၊ ကိုသိန်းထွန်းတို့၊ ကိုထွန်းရီ တို့က ပိုပြီးပြောနိုင်မယ်။ ကိုယ်က နိုင်ငံတော် ဘက်ရောက်နေတော့ executive ဟာလုပ်တာကိုး။ ကိုယ်က နိုင်ငံရေးအရ ပြည် ထောင်စုနေ့လုပ်တဲ့ နိုင်ငံရေးခံယူချက်၊ ပြည်ထောင်စုနေ့ကို လုပ်တဲ့အခမ်းအနား အစီအစဉ် တွေ၊ အဲဒီမှာတင်တဲ့အဆိုတွေ၊ အဲဒီက ဆုံးဖြတ်ချက်တွေ ဘာတွေ စသည် ဖြင့်ပေါ့လေ။ ဒါတွေက ဟိုတုန်းက လမ်းစဉ်ပါတီမှာ ဌာနချုပ်မှာထိုင်ပြီးတော့ လုပ်ခဲ့တဲ့ ပုဂိ္ဂုလ်တွေက ပိုကျွမ်းတာပေါ့။ ပြီး တော့ အန်ကယ်လ်က ၁၉၇၇ မှာ အရေးပေါ် ပါတီညီလာခံမှ အဲဒီမှာပါတီဌာနချုပ်ကို အချိန်ပြည့်ပါတီတာဝန်နဲ့ ရောက်တယ်။ အဲဒီ မတိုင်ခင်က အန်ကယ်လ်က တပ်ထဲမှာပဲပေါ့နော်။ တပ်ထဲမှာပဲ နေလာခဲ့တာ။ အဲဒီတော့ ၁၉၇၇ emergency ညီလာခံ မှာ အန်ကယ်လ်က ပါတီဌာနချုပ်ကိုရေးရာ အတွင်းရေးမှူးနဲ့ရောက်လာ တယ်။ နောက် မကြာဘူး တတိယ ပုံမှန်ညီလာခံ၊ အဲဒါလုပ်လိုက်တဲ့အခါကျတော့ အန်ကယ်လ်က အတွင်းရေးမှူးဖြစ်သွားတယ်။ ရေးရာ အတွင်းရေးမှူးကနေပြီးတော့ အတွင်းရေးမှူးဖြစ်သွားတယ်။ အတွင်းရေးမှူးနဲ့လည်း အန်ကယ်လ် သိပ်ကြာကြာ မလုပ်လိုက်ရဘူး။ တစ်နှစ်တောင် မကြာဘူး။ ၈ လ၊ ၉ လလောက်တော့ လုပ်လိုက်ရမယ်။ ၇၈ခုနှစ် စက်တင် ဘာလောက်မှာ အန်ကယ်လ် နိုင်ငံတော်ဘက်ကို ပြောင်းလိုက်ရတယ်။ ပြောင်းလိုက်တော့ တကယ် ပါတီဌာန ချုပ်မှာ အချိန်ပြည့်ထိုင်ပြီးတော့ အလုပ်လုပ်ရတာက ၇၇ နဲ့ ၇၈ စက်တင်ဘာလောက် အထိပဲ။ အဲလောက်ပဲ လုပ်ခဲ့ရတာပေါ့နော်။ ကျန်တဲ့နောက်ပိုင်းမှာတော့ နိုင်ငံတော် ပိုင်းတွေကနေပြီးတော့မှ CEC ဖြစ်တာ လည်း ဖြစ်တာပေါ့နော်။ သို့သော်လည်းပဲ ဌာနချုပ်မှာ အချိန်ပြည့်မဟုတ်ဘူး။

»» နိုင်ငံတော်ပြည်ထောင်စုနေ့ အခမ်း အနားတွေမှာကျတော့ရော ပါတီကပဲ ဦးစီးပြီးကျင်းပခဲ့တာလား။

ဒါပေါ့။ ဒါပေါ့။ ပါတီက လိုင်းချပေး တာပေါ့။ နိုင်ငံတော်မှာလုပ်တဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အခမ်းအနား မှန် သမျှကတော့ ပါတီက လိုင်းချပေးတာ။ လိုင်းချပေးတဲ့အပေါ်မူတည်ပြီးတော့ပဲ နိုင်ငံတော်ကလုပ်တာ ပေါ့။ အထူးသဖြင့်ကတော့ နယ်တွေမှာ လုပ်တာထက် ဒီဌာနချုပ်တို့၊ ရန်ကုန်မြို့တို့ ဘာတို့မှာလုပ်တဲ့ဟာက ပိုပြီး တော့ နိုင်ငံရေးအနှစ်သာရ ပိုပြီးတော့ရှိ တာပေါ့။ နောက်ပြီးတော့ ပြောချင်ဆိုချင်တာတွေ အားလုံးက ဒီမှာ ပြောတတ် ဆိုတတ်ကြတာကိုး။ ကျိုက္ကဆံကွင်းတို့၊ နေရာအနှံ့အပြားပေါ့၊

»» ပြည်ထောင်စုနေ့အခမ်းအနားနဲ့ ပတ်သက်ပြီးတော့ ဒီပြည်ထောင်စုနေ့ အခမ်းအနားဆိုတာ ဖဆပလ လက် ထက် က လုပ်ခဲ့တဲ့ အခမ်းအနားပဲဖြစ်ဖြစ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်ကလုပ်ခဲ့တဲ့ အခမ်း အနားပဲ ဖြစ်ဖြစ်၊ ဒီဘက် ခေတ်တွေမှာ လုပ်တဲ့ အခမ်းအနားတွေပဲဖြစ်ဖြစ် တကယ့် တကယ်တော့ တိုင်းရင်းသားတွေ ကို ခေါ်ပြီး တော့ ကခိုင်းတာလောက်ပဲရှိတယ်။ နိုင်ငံရေးအနှစ်သာရဘာမှ မရှိဘူးဆိုပြီးတော့ ပြောကြတာမျိုး တွေ ရှိတယ်။

အဲဒါတော့လည်း တစ်ဖက်သတ်ကျ လွန်းတယ်လေ။ ပြည်ထောင်စုနေ့ဆိုတည်း ကကို ပြည်ထောင်စုကို ဦးစား ပေးပြီးတော့ အသားပေးပြီးတော့ လုပ်ချင်တာကိုး။ လုပ်ချင်တော့ ခုနတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့တွေ ခေါ် ပြီးတော့ ယဉ်ကျေးမှု ကပြတယ်ဆိုတာ ဒါကတော hightlight, feature တစ်ခုအနေနဲ့ ပြတာပေါ့နော်။ သို့ သော်အနှစ်သာရ ဘာလဲဆိုတော့ ပြည် ထောင်စုနေ့ လုပ်တိုင်း၊ လုပ်တိုင်းမှာ ပြည်ထောင်စုနေ့ လုပ်ရတဲ့ ရည် ရွယ်ချက်၊ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီးတော့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိဖို့ဆိုတဲ့ အဓိက ရည် ရွယ်ချက်။ တိုင်းရင်းသား တွေကို ဘယ်လိုဘယ်နည်း မြေတောင် မြှောက်ပေး မယ်။ဘယ်ပုံဘယ်နည်း သူတို့ ရဲ့ အနေအထားတွေကောင်းလာအောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်။ ဒါတွေက အဓိကပိုကျတာပေါ့။ အထူး သဖြင့် ဆိုလို့ရှိရင် မှတ်မိတာ ဦးနေ၀င်းလုပ်တဲ့ ၁၆ နှစ်မြောက် ပြည်ထောင်စုနေ့က လွိုင်ကော်မှာ အကြီး အကျယ် ပြည်ထောင်စုနေ့နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့အချက်ကို ကျကျနန အဲဒီမှာပြောသွားတာပဲ။ အဲဒီဟာ ကတော့ အဓိက အကျဆုံးပေါ့။ ပြည် ထောင်စုနေ့နဲ့ ပတ်သက်ပြီးတော့ ဒါပါတီ ဥက္ကဋ္ဌကြီးအနေနဲ့ ဘာကြောင့်ဒါ လုပ်တယ်။ ဘာရည်ရွယ်ချက်တွေရှိ တယ်။ ရှေ့လျှောက် ဘာတွေ ဆက်ပြီးတော့ လုပ်ပေးရဦးမယ်ဆိုတဲ့ ဟာ တွေ ပြောသွားတာကိုး။

»» မှတ်မိရင် အကျဉ်းချုပ်လေးဖြစ်ဖြစ် ပြန်ပြီးတော့ ပြောပြပေးပါလား ခင်ဗျ။

အဲဒါတွေကတော့ စာရွက်စာတမ်း တွေနဲ့ကို ရှိပါတယ်။ အထူးသဖြင့် ဥက္ကဋ္ဌကြီး လွိုင်ကော် မှာ ပြည်ထောင်စုနေ့ ပြောတဲ့ဟာကတော့ တိုင်းရင်းသားတွေအတွင်းမှာ ဒီ့ထက်ပိုပြီးတော့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိဖို့ နောက်ပြီးတော့ တိုင်းရင်းသားတွေဘက်က မဖွံ့ဖြိုးသေးတာတွေကို ပိုဖွံ့ဖြိုးအောင်လုပ်ပေးဖို့၊ ဒါတွေကို အဓိက ဇောင်းပေးပြီးပြောသွားတာပဲ။ ဆိုတော့ နိုင်ငံတော်မှာ အဲဒီအချိန် အခါမှာလည်းပဲ အန္တရာယ်လေးတွေက ရှိတာ ဆိုတော့ရှိတဲ့အခါကျတော့ ဒီအန္တရာယ်တွေကို အကာအကွယ် လုပ်တဲ့အခါမှာ နိုင်ငံတော်ရဲ့ အစွန်အဖျား တွေ မှာ အထူးသဖြင့် နိုင်ငံတော်ရဲ့ နယ်နိမိတ်ပတ်ပတ်လည်မှာ အများစုနေကြတဲ့ တိုင်းရင်းသားတွေကသူ တို့က ပထမဆုံးဒီနေရာတွေမှာ ထိတွေ့ရတဲ့ သဘောရှိတာကိုး။ နောက်ပြီးတော့လည်း နိုင်ငံတော်ကာကွယ် မယ်ဆို လို့ရှိရင် အန်ကယ်လ်တို့က ဟိုတုန်းက စဉ်းစားထား တာက ပြည်သူ့စစ်ကို စဉ်းစားထားတာ။ ပြည်သူ့စစ် မဟာ ဗျူဟာ ဆိုတာကို စဉ်းစားထားတာ။ ပြည်သူ့စစ် မဟာဗျူဟာဆိုတာက အဓိကက သူက defence in depth ပဲ ထုနဲ့ ခံစစ်လုပ်မယ့်ဟာ။ နောက် ဒီထဲမှာ စစ်ကြောင်းကြီး ၅ ကြောင်းနဲ့ ပြည်သူတွေ အကုန်ပါဝင်ပြီး တော့ လှုပ် ရှားမယ့် ပုံသဏ္ဌာန်လုပ်တယ်။ ဆိုတော့ အဲလိုလုပ်တဲ့အခါ ကျလို့ရှိရင် ထုလည်းရှိရမယ်။ ထုဆိုတာက အခြေ ထု၊ space ထု၊ စည်းရုံးရေးထုစသည်ဖြင့် ဒီဟာတွေအားလုံးပါတာပေါ့။ စစ်ကြောင်း ကြီးငါးကြောင်း လည်းပါ တာပေါ့။ ဒါတွေလုပ်တဲ့အခါ ကျလို့ရှိရင် ခုနတိုင်းရင်းသားတွေ သူတို့က ပထမဆုံးတွေ့ရမယ့် first line up က defence ပဲ။ ဒီ First line up of က defence က တာဝန်ယူမယ့် ပုဂိ္ဂုလ်တွေနဲ့ ဒီက central core က ဌာန ချုပ်တို့ commend center တို့ဘာတို့နဲ့က ဒီ့ထက်ပိုပြီးတော့ နားလည်မှုရှိရှိနဲ့ ဖြစ်ဖို့လိုတယ်။ တစ်ချိန် တည်းမှာ သူတို့ကိုလည်း ထိုက်သင့်တဲ့ အင်အား၊ ထိုက်သင့်တဲ့စည်းရုံးမှု၊ ထိုက်သင့်တဲ့ ကြွယ်ဝချမ်းသာမှု၊ ထိုက်သင့်တဲ့ လူနေမှု အဆင့်အတန်း မြင့်မားမှု ဒါတွေကို ပေးထားရမယ်လေ။ ဒါကြောင့်မို့လို့ တိုင်းရင်းသားစည်းလုံး ညီညွတ် ရေးဟာ ဒီ့ထက် ပိုပြီးတော့ အရေးကြီးတယ်။ နောက် ပြည်ထောင်စုနေ့ဆိုပြီး လုပ်တာက ကချင်၊ ခုန်ချင်လို့ ပျော်ချင်လို့လုပ်ကြတာ မဟုတ်ဘူး။ ပင်လုံညီလာခံကြီးလုပ်တဲ့ ပြည်ထောင်စုနေ့ကို အဓိပ္ပာယ်လေးနက် စေချင် လို့။ နောက် ဒီရည်ရွယ်၊ ရည်မှန်းချက်၊ ဒီစိတ်ဓာတ်ကို Carry Forward လုပ်သွားပြီးတော့ ဒီ့ထက် ပိုပြီးတော့ ခိုင်မာတဲ့ ပြည်ထောင်စု စိတ်ဓာတ်တွေ တိုင်းရင်းသားတွေ အတွင်းထဲမှာရော၊ အားလုံးမှာ မွေးမြူနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ကြတာလေ။ အဲတော့ အဘ မှတ်မိတာကတော့ ပြည်ထောင်စုနေ့ တစ်ခါတစ်ခါလုပ်တိုင်း၊ လုပ်တိုင်းမှာတော့ ထူးခြားတဲ့ လုပ်ရပ်လေးတွေကို ပြောပြော ပြီးတော့လုပ်သွားတယ်လို့ အန်ကယ်လ် မှတ်မိ တယ်။ ပြန်ပြီးတော့ရှာကြည့်ရင် ရပါလိမ့်မယ်နော်။ ဘယ်နှစ်တုန်းက ဘာကို theme ခေါ်တာပေါ့နော်။ ဦးစား ပေးပြီးတော့ ဒါကိုလုပ်သလဲ။ နောက်တစ်နှစ်ကျ တော့ဘာကို ဦးစားပေးပြီးတော့ပြောပြီး လုပ်ကြသလဲ။ အဲဒီ theme ပေါ် မူတည်ပြီးတော့ပဲ အဆိုတင်တာတွေ၊ ဆုံးဖြတ်တာတွေ၊ ဆွေးနွေးတာတွေလုပ်ကြတာကိုး။ အဘ တို့ပါတီအနေနဲ့ လုပ်တဲ့အခါမှာလည်း ပြည်ထောင်စုနေ့ဆိုတာ နှစ်တိုင်းလုပ်ကြတာပဲ။ တစ်နှစ်လာလည်း ဒီ စကားပြော၊ တစ်နှစ်လာလည်း ဒီစကားပြောဆိုရင်တော့ ရိုးသွားမှာပေါ့လေ။ အခြေခံကျတဲ့ မပြောင်းလဲတဲ့ basic historical fact ကတော့ပြောရမယ်။ ပြီးတော့မှ ဒီပေါ်မှာကိုယ်ဒီနှစ် အတွက်လိုချင်တဲ့ theme ကိုတစ်နှစ် ပြီးတစ် နှစ် တိုးတိုးပြီးတော့ တိုင်းရင်းသားတွေ အတွင်းမှာ ပိုပြီးတော့ စည်းလုံးမှုရှိအောင် ဆိုတာက ထောင့်စုံ ကပြောရမှာကိုး။ အဲတော့ တစ်ထောင့် တစ်ထောင့်ကို ခြားခြားပြီးတော့ ပြောတဲ့သဘော။ အဲဒါမှလည်း တစ် နှစ်တစ်နှစ် ပြည်ထောင်စုနေ့လုပ်တာ ရည်ရွယ်ချက်ရှိမှာပေါ့။ ဟုတ်တယ်မဟုတ်လား။ အဲဒီလိုလုပ်ကြတာ။ ဆိုတော့ အဲဒါ လေးတွေတော့ ရှိပါတယ်။ အဲဒါတွေကတော့ ဘယ်နှစ်တုန်းက ဘယ်လို theme ထားပြီး ပြောတယ်ဆိုတာတော့ ပြန်ရှာလို့ရပါတယ်။

»» အဘတို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ အနေနဲ့ နှစ်စဉ်နှစ်စဉ် ပြည်ထောင်စုနေ့ အခမ်းအနားတွေကို သူများ ပါတီတွေနဲ့ကို မတူဘဲ တော်တော်ကိုကြီး ကြီးကျယ်ကျယ် ခမ်းခမ်းနားနား လုပ်လေ့လုပ်ထလည်း ရှိပါတယ်။ အဲဒါဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီး ဦးနေ၀င်းကျင်းပခဲ့တဲ့ ပြည်ထောင်စုနေ့ အခမ်း အနားရဲ့ရိုးရာအစဉ်အလာကို ဆက်ပြီး ထိန်းသိမ်းတဲ့ သဘောလားခင်ဗျ။

ဥက္ကဋ္ဌကြီး ဦးနေ၀င်းလုပ်ခဲ့တဲ့ အစဉ်အလာ ထိန်းသိမ်းတာလည်းပါ တယ်။ နောက်တစ်ခုကလည်း ဒီနောက်ပိုင်း မှာ တိုးတက်ဖြစ်ပေါ်လာတဲ့ တိုင်းရင်းသားတွေရဲ့ ခံစားမှုတွေ၊ တိုင်းရင်းသားတွေရဲ့ ထင်မြင်ချက်တွေ၊ နောက် သူတို့ရဲ့သူတို့အတွက် ပိုပြီးတော့ တောင်းဆိုလာတာလေးတွေ ရှိလာတယ်။ ဒါလည်းပဲ သူတို့က သူတို့ဆီမှာ right ရှိတယ်ဆိုပြီးတော့ သူတို့က တောင်းဆို၊ ပြောဆိုလာကြတာ လေးတွေကို။ နောက်တစ်ခုကလည်း ပင်လုံ ညီလာခံပြီးတော့ လွတ်လပ်ရေးရပြီးတော့ ဖဆပလ လက်ထက်ကတည်းက ပြည်ထောင်စုနေ့ တွေဘာတွေ လုပ်ခဲ့။ နောက်ပြီးတော့ နောက်ပိုင်းလည်းလုပ်ခဲ့။ လုပ်ခဲ့တော့သူတို့ ရသင့် သလောက်မရသေးဘူး ဆိုတဲ့ခံစား ချက်လေးတွေရှိတော့ အဲဒါလေးတွေ ပြောပြောလာတော့ ဒါလေးတွေကို အဓိကအားဖြင့် ပြေလည်အောင်၊ အထူးသဖြင့် ဒီအဘတို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ လက်ထက်မှာ နာမည်ကကိုက ဒါကြောင့် လည်းအဘတို့က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီလို့ ခေါ်တာကိုး။ ဒါကြောင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနဲ့ ပတ်သက်ပြီးတော့ ပိုပြီးတော့ အရေးကြီးတာလေးတွေကို သူတို့ သဘောပေါက်တာလေး တွေကို perspective လေးတွေ မှန်သွားအောင် သူတို့ဘက်က ရှုထောင့်လေးတွေ မှန်သွားအောင်ပေါ့နော်။ သူတို့အနေ နဲ့ တစ်ချိန်တုန်းက တကယ့် ပင်လုံညီလာခံကြီးကို မီလိုက်တဲ့ ပုဂိ္ဂုလ်တွေရှိတယ်။ သို့မဟုတ် ပင်လုံညီလာခံကြီး တုန်းက ပြောကြဆိုကြတာတွေကို ပူပူနွေးနွေးမှာ ရေးထားတဲ့ဟာတွေကို ဖတ်ဖူးတဲ့လူတွေရှိမယ်။ ဒီနောက် ပိုင်းကျတော့ သိပ်မဖတ်ကြတော့ဘူး။ ဟိုတုန်းက ဖြစ်ခဲ့တဲ့အနေအထားလည်းပဲ သူတို့ မသိတော့တဲ့ အခါကျ တော့ စိတ်ကူးနဲ့ မှန်းသမ်းပြီးတော့ ပြောကြ၊ ဆိုကြတာတွေ ရှိတယ်။ နောက်ပြီးတော့လည်း သိပ်မပြည့် စုံတဲ့ မှတ်တမ်း၊ မှတ်ရာတွေ ဖတ်ပြီးတော့ သြော်ပင်လုံ ညီလာခံဆိုတာ ဒါပဲဆိုပြီး တော့ အဲလိုနားလည်မှုတွေ လည်း ရှိတယ်။ အဲဒါလေးတွေကို အဘတို့ပါတီအနေနဲ့က တစ်နှစ်တစ်နှစ် တိုးတိုးပြီးတော့ အမြင်မှန် လေးတွေရ သွားအောင် အရေးကြီးတာ ဘာလဲဆိုတော့ ရှုထောင့်မှန်ဖို့လိုတယ်။ ရှုထောင့်မှန်မှ လုပ်တာလည်း မှန်မှာကိုး။ ပြောတာလည်း မှန်မှာကိုး။ အဲဒါဖြစ်စေချင်လို့။ အဲလိုဖြစ်မှလည်းပဲ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးက ရမယ်။

»» အဘတို့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ခေတ်မှာလုပ်ခဲ့ တဲ့ ပြည်ထောင်စုနေ့အခမ်း အနားတွေနဲ့ အခုဒီဘက်ခေတ် မှာ နိုင်ငံတော်ငြိမ်ဝပ် တည်ဆောက်ရေး အဖွဲ့လက်ထက် တို့၊ နိုင်ငံတော်အေးချမ်း သာယာရေး နဲ့ ဖွံ့ဖြိုးရေး ကောင်စီ လက်ထက်တို့ ပြီးတော့ အခု ပြည်ထောင်စုအစိုးရအဖွဲ့ပေါ့၊ လုပ်တဲ့ ပြည်ထောင်စုနေ့တွေမှာ ဘယ်လို ပုံသဏ္ဌာန် မျိုးကွာခြားမှုတွေရှိသလဲ။

သူတို့လည်း တော်တော်လေးတော့ လုပ်နေတာရှိပါတယ်။ ထွန်းထွန်းပေါက် ပေါက်ပေါ့လေ။ မနက်ကဆို လို့ရှိ ရင်လည်း တီဗွီမှာကြည့်လိုက်တာ တော်တော်လေး ကို အလွှာစုံကို သူတို့ဖိတ်ပြီးတော့ ပြည် နယ်တွေမှာ၊ တိုင်း တွေမှာရှိတဲ့လူမျိုး ၀န်ကြီးတွေ၊ သူတို့ကို စပယ်ရှယ်ခေါ်ပြီးတော့ကို သီးခြားတွေ့ပြီးတော့ပြောကြဆိုကြ၊ လက် ဆောင်ပေးတာ၊ တိုင်ပင်ကြ တာလုပ်ကြတာတော့ တစ်နှစ်တစ်နှစ်မှာ တစ်မျိုးတစ်မျိုးတော့ ထူးခြားပြီးတော့ ရှည်မှန်းချက် လေးပေါက်မြောက်အောင် ပြည်ထောင်စုနေ့ ပီပီပြင်ပြင် တိုင်းရင်းသားတွေအတွင်း ထဲမှာ စည်း လုံးညီညွတ်ရေးရလာအောင် နားလည်မှုတွေပိုရလာအောင်တော့ နည်းလမ်းတစ်မျိုးပြီး တစ်မျိုးထူးပြီး တော့ လုပ် နေကြတဲ့ သဘော ရှိပါတယ်။ အခုနက သား စော စောပိုင်းကမေးသလိုပေါ့ သူများတွေ ပြောင် သလိုပျက်သလို ပြောကြတာပါ ဒါကတော့။ နာဂတွေခေါ်ပြီးတော့ ပြခိုင်းတာလား။ ချင်းတွေကို တစ်ခါတည်းဝါးညှပ်ခုန်တာကို ဖော်ထုတ်တာ။ ဒါကတော့ ပြည်ထောင်စုနေ့ လုပ်တဲ့အခါမှာ ပြည်ထောင်စုနဲ့ ပတ်သက်ပြီးတော့ စည်းလုံး ညီညွတ်မှုပိုပြီးတော့ ရလာအောင် နိုင်ငံရေးအားဖြင့်ဘယ်လို လုပ်ကြမယ်ဆိုတာကို အဓိကဇောင်းပေးပြီးတော့ လေးလေး နက်နက် ဆွေးနွေးကြ၊ ဆုံးဖြတ်ကြ၊ အဆိုတင်ကြ၊ ဒါတွေဘယ်လိုအကောင် အထည်ဖော်ကြ လုပ် သလို တစ်ဖက်ကလည်းပဲ လာတဲ့လူတွေ မငြီးငွေ့အောင်ပေါ့။ နည်းနည်းလေး အောက်သက် ကလေးရအောင် ပေါ့။ စိတ်တွေများနေမယ့် အစား ငြီးငွေ့မှုလေး ပျောက်ကွယ်သွားအောင်၊ ယဉ်ကျေး မှုလေးတွေ၊ တိုင်းရင်းသား အဖွဲ့တွေ ဆိုတာ၊ ကတဲ့အပိုင်းလေတွေ လုပ်ထားပါတယ်။ တစ်ချိန်မှာသူတို့ရဲ့ယဉ်ကျေးမှုလေးတွေကို လည်း အများမြင်ကောင်းအောင် ဆိုပြီးတော့ ပွဲထုတ်တဲ့သဘောလုပ်တာပါ။ ဟိုဟာက မိုင်နာပါ။ မေဂျာက နိုင်ငံရေး အနှစ်သာရကြီးပါတဲ့ ဆွေးနွေးပွဲတွေ၊ အဆိုတွေ၊ ဘာဆက်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ၊ အဲဒါတွေက အဓိကပါ။

ပုံညွှန်းစာ - ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့တွင် နိုင်ငံတော်ကောင်စီဝင်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) တစညပါတီဥက္ကဋ္ဌကြီး ဦးထွန်းရီ(ကွယ်လွန်)၊ လက်ရှိ တစညပါတီဥက္ကဋ္ဌ ဦးသန်းတင်တို့နှင့်အတူ တွေ့ရစဉ်။

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

  

 

No comments:

Post a Comment