ယခုနှစ် ၂ဝ၁၅မျက်မှောက်မြန်မာ့နိုင်ငံရေးတွင် အကျပ်အတည်းပေါင်းများစွာ ရှိနေသောကြောင့် တိုင်းပြည် နှင့်လူထုကို မျက်နှာမူ၍ ထိန်းထိန်းသိမ်းသိမ်း စဉ်းစား၊ ဆင်ခြင်၊ ဆုံးဖြတ်ပြီး အပြော၊ အပြ၊ အလုပ် ညီညွတ်စွာဖြင့် ကျော်ဖြတ်ကြရန် နိုင်ငံ၏ ဒေါက်တိုင်
သုံးရပ်အား စတုတ္ထဒေါက်တိုင်ဖြစ်သည့် သတင်းမီဒီ ယာသမားများက ဝေဖန်သုံးသပ်ရေးသားနေစဉ်မှာပင် လောက်ကိုင်အပါအဝင် ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ် ခွင့်ရဒေသ၌ အစိုးရတပ်နှင့် ဖုန်ကြားရှင်ခေါင်းဆောင်သော လက်နက်ကိုင်တို့၏ တိုက်ခိုက်မှုများရှိခဲ့သဖြင့် နှစ်ဘက်အကျအဆုံးများ ရှိသကဲ့သို့ အပြစ်မဲ့ပြည်သူများလည်း သေကြေပျက်စီးခဲ့သည်။
ဖုန်ကြားရှင်သည် တရုတ်အစိုးရအာဘော် သတင်းစာမတစ်ဆင့် ကိုးကန့်ဒေသကို ပြန်လည်ဝင်ရောက် တိုက်ခိုက်မည်ကို တင်ကြိုပြောဆိုခဲ့သည်။ လောက်ကိုင်မြို့အပါအဝင် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တွင် တိုက်ခိုက်မှုများ ဖြစ်ခဲ့ပြီးနောက် အစိုးရတပ်ဘက်မှ အကျအဆုံးနှင့် ဒဏ်ရာရသူများရှိသလို ဖုန်ကြား ရှင်ဖက်မှ တိုက်သူများလည်း သေဆုံးခဲ့သည်။ ယခုအခါ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အရေးပေါ် အခြေအနေကြေညာခဲ့ရပြီး စစ်အုပ်ချုပ်ရေးဖြင့် စခန်းသွားနေရသည်။ ဆိုရသော် ဒေါက်တိုင်များ အခြေမ ခိုင်တော့သဖြင့် စစ်အုပ်ချုပ်ရေး ဖြစ်ရသည်။
စစ်ဘေးရှောင်ပြည်သူများကား တရုတ်ဘက်ပြေးရသလို မန္တလေး၊ လားရှိုးနှင့် နီးစပ်ရာမြို့များသို့လည်း ထွက်ပြေးတိမ်းရှောင်ရသည်။ ပြည်သူချင်းကား ကိုယ်ချင်းစာစိတ်နှင့်ကူကြသည်။ မြန်မာ-တရုတ်နယ်စပ်အ ရေးမှာလည်း တရုတ်အစိုးရ နိုင်ငံခြားရေးဌာနက ထုတ်ဖော်ဖြေကြားရသည်အထိ နိုင်ငံချင်းကြား ဆက်ဆံရေးကို ခြိမ်းခြောက်နေလေသည်။ မြန်မာနှင့် တရုတ် ဆက်ဆံရေးကား အဘယ်နည်း။
စစ်အစိုးရအဆက်ဆက်တွင် မြန်မာသည် တရုတ်အားနှင့် နိုင်ငံတကာ ဆက်ဆံရေးတွင် စခန်းသွားခဲ့ရခြင်း ဖြစ်သည်။ အမေရိကန်နှင့် အနောက်အုပ်စု ဖိအားများကို စစ်အာဏာပိုင်များသည် တရုတ်၏ အထောက်အ ပံ့ အကူအညီဖြင့် ဖြတ်သန်းခဲ့ရသည်။ အပြန်အလှန်အားဖြင့် မြန်မာ့ရေမြေတောတောင် သယံဇာတ သဘာဝရင်းမြစ်များကို ဈေးပေါပေါနှင့် ပေးဆပ်ခဲ့ရသည်။ တရုတ်နိုင်ငံသည် မြန်မာဘက်က ရသမျှပစ္စည်းများကို ရသလောက်ယူငင်ခဲ့ကြသည်။ ထုထည်ကြီးမားသော စီမံကိန်းများကိုလည်း ခွင့်ပြုခဲ့ရပြီး၊ အတိုးများ သော ချေးငွေများကိုလည်း မဖြစ်မနေရယူခဲ့ရသည်။ တရုတ်-မြန်မာ ဆက်ဆံရေးတွင် မြန်မာသည် အခံဘက်ကသာ ရှိခဲ့သည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် မြန်မာသည် အနောက်နိုင်ငံများနှင့် သံတမန်ဆက်ဆံရေး ပြန် လည်ကောင်းမွန်လာသဖြင့် တရုတ်နှင့် များစွာနီးကပ်သော ဆက်ဆံရေးကို အထူးပြုစရာမလိုတော့ဘဲ တန်းတူနီးပါး ဆက်ဆံခွင့်ရခဲ့သည်။ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းပစ်သည်အထိ တရုတ်တို့ မလိုလားသော လုပ်ဆောင်ချက်ကို သမ္မတဦးသိန်းစိန်က ဆုံးဖြတ်လုပ်ကိုင်ရင်း လူထုထောက်ခံမှုကို ရယူနိုင်ခဲ့သည်။ သမ္မတဦးသိန်းစိန် အစိုးရသက်တမ်း ကုန်ခါနီးတွင် တရုတ်သည် မြန်မာနှင့် ဆက်ဆံရေးကျဲလာနေသည်။ တရုတ်က ဒေါ်အောင်ဆန်းစုကြည်ကိုပင် တရုတ်ကို ဖိတ်ခေါ်မယောင် အသံလွှင့်ခဲ့သေးသည်။
မည်သို့ဆိုစေ စူပါပါဝါအဆင့်သို့ ထိုးတက်လာသော တရုတ်ကို မြန်မာတို့ လျှော့မတွက်ရပါ။ ဒေသတွင်း တွင်ပင် တရုတ်ကိုလျှော့မတွက်ကြပါ။ အာဆီယံကို ထွားအောင်လုပ်ကြသည်မှာလည်း တရုတ်ကို ကန်ဖို့ ရည်ရွယ်ရင်းတစ်ခုဖြစ်သည်။ ကိုးကန့် ပြဿနာကို ငြိမ်းချမ်းရေးနည်းဖြင့် ပြီးသင့်သည်။
အတိုက်အခိုက်များကား သံသရာရှည်သလို အပျက်အစီးများသည်။ လူသားအရင်းအမြစ်များ ပျက်စီးသလို ရုပ်ဝတ္ထုများ နှင့် နိုင်ငံတကာဆက်ဆံရေးအထိ ကြီးကြီးမားမား ထိခိုက်နိုင်သည်။
ဤတွင် ဒေါက်တာအောင်ခင် ဘာသာပြန်သည့် ဆွီဒင်နိုင်ငံအခြေစိုက် လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးပေါ်လစီ သုတေသန၏ ညွှန်ကြားရေးမှူး ဒေါက်တာနစ်ကလက်စ် ဆွမ်စထရောင်းမ်ရေးသော တရုတ်-မြန်မာဆက် ဆံရေးအကြောင်း (၂ဝ၁၂) ပါ စာတစ်ပိုဒ်ကို ထုတ်နုတ်ပြချင်သည်။ ''မြန်မာနဲ့တရုတ်မှာ အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်တာတွေ ရှိပေမယ့် တရုတ်ကို စိန်ခေါ်တာမျိုးမဖြစ်စေဖို့ အရေးကြီးပါတယ်။ လက်နက်ကိုင် ကိုး ကန့် တရုတ်တပ်ဖွဲ့ကို ၂ဝဝ၉ မှာ ဗမာစစ်တပ်က တိုက်ခိုက်တာမျိုးဟာ တရုတ်အစိုးရ လက်မခံနိုင်တဲ့ ကိစ္စပါပဲ'' ဟု ဖော်ပြထားသည်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်ကလည်း တရုတ်ကို အသိပေးပြီးမှ စစ်ဆင်ရေးပြုလုပ်ကြောင်း ပြောကြားထား သည်။ ပြည်ထောင်စုဝန်ကြီး တစ်ပါးကလည်း တရုတ်ကို ကြောက်ရကြောင်း ထုတ်ဖော်ပြောကြားပြီးဖြစ်သဖြင့် တရုတ်နှင့် ဆက်ဆံရေး ထိခိုက်သည်အထိ အစိုးရရောတပ်ပါ မမိုက်မဲကြောင်းကား ပြည်သူများသိပြီးဖြစ်သည်။
အမှန်တကယ် ဖြစ်သင့်သည်ကား မြန်မာ့ အချုပ်အခြာအာဏာဖြစ်သည့် ငြိမ်းချမ်းသော ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အမြန်ဆုံးပြန်ဖြစ်ရန် စစ်အုပ်ချုပ်ရေးကို အတိုဆုံးသုံးပြီး လောက်ကိုင်နှင့် ကိုးကန့် ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုလုံးရှိ ဒေါက်တိုင်များ အမြန်ဆုံး ခိုင်မာရေးဖြစ်သည်။ အုပ်ချုပ်ရေး၊ ဥပဒေပြု ရေးနှင့် တရားဥပဒေစိုးမိုးရေးအပါအဝင် လွတ်လပ်သော တရားစီရင်ရေးဖြင့် ပြည့်စုံသော ကိုးကန့် ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ငြိမ်းချမ်းသာယာသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အစိတ်အ ပိုင်းသာ အစဉ်ဖြစ်ရမည်ဟု မဇ္ဈိမက ယုံကြည်သည်။
Credit - Mizzima News
No comments:
Post a Comment