Wednesday, February 18, 2015

လောက်ကိုင်မှ ဒုက္ခသည်များ တင်ဆောင်လာသည့် ယာဉ်တိုက်ခတ်ခံရပြီး နှစ်ဦး ဒဏ်ရာရ

ရန်ကုန် (မဇ္ဈိမ)။ ။ လောက်ကိုင်ဒေသမှ စစ်ရှောင်ဒုက္ခသည်များ တင်ဆောင်လာသည့် ယာဉ်တန်းမှ ကြက်ခြေနီ အလံလွှင့်တင် ထားသည့် ယာဉ်တစ်စီး ဖေဖော်ဝါရီ ၁၇ ရက်က တိုက်ခိုက်ခံရပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ကွမ်းလုံမြို့နယ်မှ ပြည်သူ့လွှတ်တော်  ကိုယ်စားလှယ်  ဦးဟောက်ရှောက်ချမ်းက မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

Kokang-Battle-02
ဖေဖော်ဝါရီ ၁၇  ရက်တွင် ကြက်ခြေနီဝန်ထမ်းများနှင့် အတူသတင်းထောက်များပါ ပါဝင်သည့် ယာဉ်တန်းမှာ လောက်ကိုင် - ချင်းရွှေဟော်ကြား လုံထန်ရွာအနီး ပစ်ခိုက်တိုက်ခိုက်ခံရပြီး ကြံ့ခိုင်ရေးပါတီဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ (ဓာတ်ပုံ - အီးပီအေ)



အဆိုပါယာဉ်သည် ကွမ်းလုံမြို့မှ  လောက်ကိုင်မြို့သို့ ဒုက္ခသည်များ သယ်ဆောင်ရန် သွားရောက်သည့် ယာဉ်တန်းတွင် ပါဝင်ပြီး လောက်ကိုင်မြို့မှ အပြန် ဖေဖော်ဝါရီ ၁၇ ရက် နေ့လည်ပိုင်း၌ လောက်ကိုင်နှင့် ချင်ရွှေဟော်ကြား လုန်ထန် အရောက်တွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ပစ်ခတ်သူများမှာ ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့မှ ဖြစ်သည်ဟုလည်း ၄င်းက ယူဆ ပြောကြားလိုက်သည်။

ယင်းတိုက်ခိုက်ခံရမှုကြောင့် ယာဉ်ပေါ်ပါသည့်  ကူညီရန် လိုက်ပါသွားသူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လက်ရှိတွင် ကွမ်းလုံ ဆေးရုံတွင် တင်ထားကာ အခြေအနေ စိုးရိမ်ဖွယ်ရာ မရှိဟုလည်း ၄င်းက ဆိုသည်။

ဦးဟောက်ရှောက်ချမ်းက ‘ တစ်ယောက်က ဗိုက်ကိုထိတယ်။ ပေါက်သွားတယ်။ အသက်အန္တရာယ်တော့ မရှိပါဘူး။ နောက်တစ်ယောက်က မှန်ကွဲစ မှန်ပြီး မျက်စိထိသွားပါပြီ။ အခု ကွမ်းလုံ ဆေးရုံမှာ တင်ထားပါတယ်။ စိုးရိမ်ရတဲ့ အခြေအနေ မရှိပါဘူး’ ဟု ဆိုသည်။

အဆိုပါ ကယ်ဆယ်ရေး သွားသော ယာဉ်တန်းတွင် လူဦးရေ ၁၀၀ ကျော်ခန့်ပါဝင်ပြီး မီဒီယာသမားများလည်း ပါဝင်သည်ဟု သိရသည်။

ပြည်တွင်း သတင်းမီဒီယာ တစ်ခုဖြစ်သည့် 7Day နေ့စဉ် သတင်းစာမှ သတင်းထောက်နှစ်ဦးသည်လည်း အဆိုပါ တိုက်ခိုက်ခံရသည့် ယာဉ်တန်းတွင် ပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာ မရှိဟု ယင်းသတင်းစာမှ အယ်ဒီတာ တစ်ဦးက မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။

လောက်ကိုင် ဒေသအတွင်းတွင် ဦးဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) နှင့် အစိုးရ တပ်မတော်ကြား ဖေဖော်ဝါရီ ၉ ရက်က တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

MNDAA ခေါ် ကိုးကန့်တပ်မတော်သည် ၁၉၈၉ ခုနှစ်က မြန်မာအစိုးရ စစ်တပ်နှင့် အပစ်အခတ် ရပ်စဲခဲ့ပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာလက မြန်မာအစိုးရ စစ်တပ်က မူးယစ်ဆေးဝါးထုတ်လုပ်နေမှုကို ဝင်ရောက်ရှာဖွေခဲ့ရာမှ တိုက်ခိုက်ခဲ့သဖြင့် ဦးဖုန်ကျားရှင်သည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ရပြီး ယခု ဖေဖော်ဝါရီ လအတွင်းတွင် တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Credit - Mizzima News

No comments:

Post a Comment