Friday, February 20, 2015

ရွေးကောက်ပွဲ ကော်မရှင်နှင့် ပြည်ထဲရေး ပူးပေါင်း၍ ရွေးကောက်ပွဲလုံခြုံရေး စီမံချက် ဆောင်ရွက်နေ

နေပြည်တော် (မဇ္ဈိမ)။ ။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ရွေးကောက်ပွဲလုံခြုံရေး စီမံ ချက်လုပ်ငန်းများကို သက်ဆိုင်ရာလုပ်ငန်း ကော်မတီများက ဆောင်ရွက်နေသည်ဟု အဆိုပါဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောသည်။

၎င်းက ''လုပ်နေပါတယ်၊ Working Committee (လုပ်ငန်း ကော်မတီ) တွေက လုပ်နေပါတယ်။ ကျွန်တော်တို့ လက်ထဲတော့ မရောက်သေးပါဘူး'' ဟု ဆိုသည်။

ဖေဖော်ဝါရီ ၁၉ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် ပြည်ထဲရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက မီဒီယာအချို့၏ မေးမြန်းမှုကို အထက်ပါအတိုင်း ဖြေ ကြားခဲ့ခြင်း ဖြစ်သည်။

၎င်းက ယခုအချိန်သည် စီမံချက်ရေးဆွဲသည့် ကာလဖြစ်သည့်အတွက် မည်သည့်အချက်အလက်များ ပါဝင်မည်၊ မပါဝင်မည်ကို မသိရသေးဟု ဆိုသည်။

ထို့အပြင် ပြည်ထဲရေးဝန်ကြီးဌာနသည် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များအပြင် လုံခြုံရေးဆိုင်ရာ ကိစ္စများကိုလည်း လုပ်ဆောင်ရမည်ဟု ၎င်းက ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာလ သို့မဟုတ် နိုဝင်ဘာလတွင် ရွေးကောက်ပွဲများ ကျင်းပပေးမည်ဟု ကတိပြုထားသည်။


Credit - Mizzima News

No comments:

Post a Comment