Friday, February 20, 2015

လောက်ကိုင်ဒေသတွင် ကြက်ခြေနီယာဉ်တန်းကို ပစ်ခတ်ခဲ့သည်မှာ မည်သည့်လက်နက်ကိုင်တပ်ဖွဲ့ဟု အတိအကျမသိရသေး

 ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

လောက်ကိုင်မြို့နယ်မှ ဒုက္ခသည်များအား ကယ်ဆယ်ကာ ပြန်လည် ထွက်ခွာလာသော ကြက်ခြေနီ ယာဉ်တန်းကို ဖေဖော်ဝါရီလ ၁၇ ရက်က ပါစင်ကျော်နှင့် ချင်းရွှေဟော် အကြားတွင် လက်နက်ကိုင် တပ်ဖွဲ့ တစ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယင်းအဖွဲ့အား အတိအကျ မသိရသေးကြောင်း အဆိုပါ ယာဉ်တန်း၌ ပါဝင်ခဲ့သူများက ဖေဖော်ဝါရီလ ၁၈ ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

ကြက်ခြေနီယာဉ်တန်းကို တိုက်ခိုက် ပစ်ခတ်သည့်အဖွဲ့မှာ တပ်မတော်မှ မဟုတ်သော်လည်း မည်သည့်အဖွဲ့ ဆိုသည်ကို အတိအကျ မပြောနိုင်ကြောင်းနှင့် အဆိုပါ ပစ်ခတ်မှုကြောင့် ကြက်ခြေနီတစ်ဦး မျက်စိထိမှန်ခဲ့ပြီး ကွမ်းလုံမြို့နယ်နေ ဦးမိုးကျော်သန်းမှာ ၀ဲဘက်ဝမ်းဗိုက် ကျည်ထိမှန်ခဲ့ကြောင်း အဆိုပါ ယာဉ်တန်း တိုက်ခိုက် ခံရမှုတွင် ပါဝင်သူများက ပြောပြသည်။…

““နှစ်ဖက်ဖြစ်နေတဲ့နေရာ။ သေနတ်သံတွေ ငြိမ်သွားလို့ တက်တဲ့အချိန်မှာ ကျွန်တော်တို့ ပစ်ခံရတာ။ အဲဒီ နေရာမှာ ယူထားတာက တပ်ဘက်က မဟုတ်ဘူး။ ကျွန်တော်တို့ကို ပစ်တာ တောင်ပေါ်ကပစ်တာ။ သေချာတာ ကျွန်တော်တို့ပြောရဲတာ တပ်ဘက်က ပစ်တာ လုံးဝမဟုတ်ဘူး။ ကိုးကန့်လို့လည်း စွပ်စွဲတာမဟုတ်ဘူး။ ဘယ်တပ်ဖွဲ့က ပစ်တယ်ဆိုတာ ကျွန်တော်တို့မသိဘူး”” ဟု အဆိုပါ ယာဉ်တန်း၌ ပါဝင်ခဲ့သူ ဧရာဝတီ သတင်းဌာနမှ ဓာတ်ပုံသတင်းထောက် ကိုဂျေပိုင်က မြန်မာသံတော်ဆင့် သို့ ပြောသည်။

လောက်ကိုင်မှ ကားစုစုပေါင်း ၉ စီးဖြင့် စတင် ထွက်ခွာလာခဲ့ပြီး ယာဉ်တန်းများတွင် ကြက်ခြေနီ အလံများအား သိသာထင်ရှားစွာ လွှင့်ထူထားသော်လည်း ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး လက်နက်ကြီးများဖြင့်ပါ ပစ်ခတ် ခံခဲ့ရ ကြောင်း အဆိုပါ ယာဉ်တန်း၌ ပါဝင်ခဲ့သူ EPA (Europe Pressphoto Agency) သတင်းဌာနမှ ဓာတ်ပုံသတင်း ထောက် ကိုလင်းဘိုဘိုက ပြောသည်။

““လက်နက်ကြီးနဲ့ ပစ်တဲ့ဟာမျိုး မီးခိုးအဖြူတွေဘာတွေ အလိပ်လိုက် တက်လာတာမြင်ရတယ်။ ကားဘေးကို လက်နက်ကြီး ကျည်တွေကျတယ်။ မျက်လုံးထဲမှာ ဖုန်းဖုန်းဖုန်းဖုန်း ဖြစ်သွားတာမြင်ရတယ်။ ဒါကတော့ လုံးဝ လူမဆန်ဘူးပေါ့ဗျာ။ စစ်သား စစ်သားချင်းတိုက်တာ ဒါပြဿနာမရှိဘူး။ ဒါကစစ်တပ်ကို ကူညီပေးမှာလည်း မဟုတ်ဘူး။ ဘေးလွတ်ရာကို ရှောင်မယ့်သူ။ ဒါတွေက ဘယ်နည်းနဲ့ဖြစ်ဖြစ် မပစ်သင့်ဘူးလေ””ဟု EPA သတင်းဌာနမှ ကိုလင်းဘိုဘိုက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကိုးကန့်တပ်ဖွဲ့ (MNDAA) မှ အထွေထွေ အတွင်းရေးမှူး ဦးထွန်းမြတ်လင်းက ““ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက တပ်မတော်က လောက်ကိုင်မြို့ကို သူတို့ ထိန်းထားတယ်ဆိုတာ ပေါ်လွင် ပါတယ်။ ပြီးတော့ လောက်ကိုင် ပတ်ဝန်းကျင်က ယာဉ်တန်းဖြတ်တဲ့ လမ်းတစ်လျှောက် မြန်မာ့ တပ်မတော်က ထိန်းချုပ်ထားတဲ့ လမ်းတစ်လျှောက်ပါ””ဟု ပြောကြားကာ ကိုးကန့်တပ်ဖွဲ့ မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်း ဆောင်ရွက် ခဲ့ရာ ဖေဖော်ဝါရီ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်စဉ် စုစုပေါင်း ၈ ကြိမ် ဖြစ်ပွားခဲ့ပြီး လေကြောင်းပစ်ကူ ၅ ကြိမ် ဆောင်ရွက်ခဲ့ရသည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment