ရန်ကုန် (မဇ္ဈိမ)။ ။ ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့က အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့လေးဖွဲ့ကြား အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်ကို နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ထိုကတိပြုချက်သည် ငြိမ်းချမ်းရေး ဖြစ်စဉ်ရပ်တန့်နေခြင်း မဟုတ်ကြောင်း သက်သေပြချက် တစ်ခုသာ ဖြစ်သည်။
ထိုကတိပြုချက်သည် သုံးနှစ်တာကာလအတွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်များ ဆွေးနွေးမှု အရှိန်ကျဆင်းသွားကာ ငြိမ်းချမ်းရေးဖြစ်စဉ်
နောက်ပြန်လှည့်ပြီလား မေးခွန်းများအပေါ် အရေးပေါ်ကာကွယ်လိုက်သော ကတိပြု ချက်တစ်ခုလည်းဖြစ်သည်ဟု ဖေဖော်ဝါရီ ၁၆ ရက်က ကရင်အမျိုးသားအ စည်းအရုံးဥက္ကဋ္ဌစောမူတူးဆေးဖိုး က KNU ၏ လူထုတွေ့ဆုံပွဲတွင် ပြောကြားသည်။
ပြည်ထောင်စုနေ့တွင် ရေးထိုးခဲ့သော အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်နှင့်ပတ်သက် ၍'' သုံးနှစ်ကြာမှာ ဘာမှအပစ်ခတ်ရပ်စဲရေးကို မထိုးနိုင်သေးဘူး။ နောက်ပဲပြန်ဆုတ်သွားပြီလား၊ လက် နက်ကိုင် ပဋိပက္ခတွေပြန်ဖြစ်သွားမလားဆိုတဲ့ စိုးရိမ်မှု၊ သံသယတွေ အများကြီးဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ ဆက်သွားနေတာကို တိုင်းပြည်ကို တစ်ခုခုတော့ သက်သေပြရမှာဖြစ်တယ်လို့ ခံယူခဲ့ပြီး ဒီကတိကဝတ်စာချုပ်ကို ထိုးတာဖြစ်တယ်''ဟု KNU ဥက္ကဋ္ဌ စောမူတူးဆေးဖိုးက ပြောသည်။
သမ္မတဦးသိန်းစိန်က ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးသဘော တူညီမှုစာချုပ်တွင် လက်မှတ်ရေးထိုးရန် ကမ်းလှမ်းခဲ့ပြီး ပြည်ထောင်စုနေ့ကျရောက်ချိန်တွင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆက်လုပ်မည့်အချက် ငါးချက်ပါ ကတိပြုချက်တစ်ခုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့နှင့် လက်ရှိအစိုးရအဖွဲ့တို့ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။
ယင်းကတိပြုချက်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို နိုင်ငံရေးဆွေး နွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန်၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီ မှုစာချုပ် (NCA)ကို ဦးစွာလက်မှတ်ထိုးရန်၊ လက်နက်ကိုင်ပဋိပက္ခများအဆုံး သတ်ရေးအတွက် စစ်ရေး နည်းဖြင့် အဖြေရှာခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန်၊ နိုင်ငံရေး မူဘောင်ကိုရေးဆွဲပြီး ၂ဝ၁၅ အ ထွေထွေရွေးကောက်ပွဲမတိုင်မီ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်များ ကာလအတွင်း ငြိမ်းချမ်းရေးကို ထိခိုက်စေမည့် အရေးယူဆောင်ရွက်ချက်များ မပြုလုပ်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရန် စသောအချက်များ ပါဝင်သည်။
ကတိပြုချက် ဘယ်လောက်အာမခံ နိုင်မလဲ
ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက် လက်မှတ်ရေးထိုးရာတွင် အစိုးရ အဖွဲ့မှ သမ္မတ ဦးသိန်းစိန်အပါအဝင်၊ လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦးနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ တပ်မတော် အရာရှိအချို့ လက်မှတ်ရေးထိုးခဲ့သော်လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှာ ပြည်ပခရီးစဉ်နှင့် တိုက်ဆိုင်နေကာ ပါဝင်ခြင်းမရှိခဲ့ပေ။ အလားတူပင် တိုင်းရင်းသား လက်နက်ကိုင်များဘက်မှ KNU၊ DKBA၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေး ကောင်စီ၊ (KNU, KNLA-PC) နှင့် ရှမ်းပြည် လွှတ်မြောက်ရေး တပ်မတော် SSA တို့သာ လက်မှတ်ရေးထိုးခဲ့သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုဆွေးနွေးနေသော အဖွဲ့ ၁၃ ဖွဲ့ အနက် လေးဖွဲ့သာ လက်မှတ်ရေးထိုးနိုင်ခြင်း ဖြစ်သည်။
ပအိုဝ်း အမျိုးသားလွှတ်မြောက်ရေးတပ်ဖွဲ့ PNLO ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ''တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လက်မှတ်ရေးထိုးရေးနဲ့တော့ မဆိုင်ဘူးပေါ့''ဟု ဆိုသည်။
သို့သော် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများ ဖေဖော်ဝါရီ ၂ဝ ရက်နောက်ပိုင်းမှသာ ပြန်လည်စတင်နိုင် မည်ဖြစ်သည်။
မြန်မာငြိမ်းချမ်းရေးစင်တာ MPC မှ ဦးတင်မောင်သန်းက ''အပစ်အခတ်ရပ်စဲရေးက လုပ်ရင်းလုပ်ရင်းနဲ့ အချိန်ကြာလာတာ ဟုတ်ပါတယ်။ တစ်ဖက်ကတော့ ဘာရှိလဲဆိုတော့စာချုပ်က ပြည့်စုံလာပါတယ်''ဟု ဆို သည်။
၂ဝ၁၄ စက်တင်ဘာလနောက်ပိုင်းတွင် ဆွေးနွေးမှုအရှိန်အဟုန်များ လျော့နည်းလာရုံမက KIO တပ်စခန်းကို လက်နက်ကြီး ကျရောက်ပြီးနောက်ပိုင်း ဆွေးနွေးပွဲများတွင် အရေးပါသော ပုဂ္ဂိုလ်များ ပါဝင်မှုအားနည်း လာခဲ့သည်။ ထို့ပြင် ပြန်လည်ဆွေးနွေးမည့် ရက်ကိုပင် လက်ရှိအခြေအနေထိ ညှိနှိုင်းမရနိုင်ဖြစ်နေသော အခြေအနေ ဖြစ်သည်။
၂ဝ၁၄ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်က ဖက်ဒရယ်ပြည်ထောင်စုမူဖြင့် ဆက်သွားမည့်ဆွေးနွေးချက်ကို လက်ခံခြင်းအပါအဝင် အပေါင်းလက္ခဏာပြသော ဆွေးနွေးချက်များကြောင့် ပြည်သူတို့၏ ငြိမ်းချမ်းရေး မျှော်လင့်ချက်များ လန်းဆန်းလာခဲ့သည်။
ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် လက်မှတ်ရေးထိုးနိုင်မထိုးနိုင် အခြေအနေများကိုလည်း စိုးရိမ်စွာစောင့်စားခဲ့ရသည်။
လက်ရှိအခြေအနေတွင် ''ငြိမ်းချမ်းရေးများ ဆက်သွားပါမယ်''ဆိုသည့် ကတိပြု ချက်တစ်ခုနှင့် ငြိမ်းချမ်းရေးကို အဖတ်ဆယ်ထားခြင်းသာ ဖြစ်သည်။ ထိုအခြေအနေများတွင် ကတိကဝတ်လက်မှတ်နှင့် ငြိမ်းချမ်းရေး ဆက်လုပ်မည့်အခြေအနေနှင့် ပတ်သက်၍ KNU ဥက္ကဋ္ဌစောမူတူဆေးဖိုးက ''ဒီက ကတိကဝတ် လက်မှတ် ရေးထိုးတဲ့အချိန်မှာ အစိုးရတစ်ဖွဲ့လုံး လက်မှတ်ရေးထိုးထားတာဖြစ်တယ်။ အစိုးရကို ရာခိုင်နှုန်းပြည့် ယုံ ကြည်တယ်''ဟု ကရင်ပြည် သူများကို ပြောကြားလိုက်သည်။
Credit - Mizzima News
No comments:
Post a Comment