ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း အစိုးရစစ်တပ်နှင့် ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့် တိမ်းရှောင် အဖွဲ့များ အကြား ဖေဖော်ဝါရီလ ၉ ရက်နေ့မှစ၍ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေ သည့်အတွက် ဒေသတည်ငြိမ်ရေးအတွက် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှစ၍ စစ်အုပ်ချုပ်ရေး ဒေသအဖြစ် ထားရှိရန် ပထမဆုံးအကြိမ် အမိန့်ထုတ်ပြန် လိုက်သည်။
သမ္မတ ဦးသိန်းစိန်၏ အမည်ဖြင့် ထုတ်ဝေသည့် ယင်းစစ်အုပ်ချုပ်ရေး အမိန့်၌ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် များနှင့် တာဝန်များကိုလည်းကောင်း၊
ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကိုလည်းကောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား အပ်နှင်းလိုက်သည်ဟု ပါရှိသည်။
အဆိုပါ ထုတ်ပြန်ချက်နှင့်အတူ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအား အရေးပေါ်အခြေအနေ ကြေညာချက် ကိုလည်း သမ္မတ ဦးသိန်းစိန် အမည်ဖြင့် ထုတ်ပြန်ခဲ့ပြီး ယင်းအမိန့်မှာ ရက်ပေါင်း ၉၀ အထိ သက်တမ်းရှိမည် ဖြစ်သည်။
ယင်းသို့ စစ်အုပ်ချုပ်ရေးထား ယင်းကဲ့သို့ သမ္မတ၏ တာဝန်ပေး အပ်ချက်အရ ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသတွင် စစ်အုပ်ချုပ်ရေး ကျင့်သုံးရန် အတွက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လောက်ကိုင်)၊ ဒေသ ကွပ်ကဲရေးမှူး၊ ပြန်တမ်းဝင်အမှတ် ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦးအား စစ်အုပ်ချုပ်ရေးအာဏာ လွှဲပြောင်းကြောင်း ကြေညာချက်အမှတ် (၁)ကို ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမည်ဖြင့် ပင် ဖေဖော်ဝါရီလ ၁၇ ရက်က တစ်ပြိုင်နက်တည်း ထုတ်ပြန်လိုက်သည်။
ယင်းသို့ စစ်အုပ်ချုပ်ရေး မကြေညာမီ ဖေဖော်ဝါရီ ၁၆ ရက် ရက်စွဲဖြင့် ဖုန်ကြားရှင် ဦးဆောင်သည့် MNDAA အဖွဲ့က သမ္မတထံ အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့ခဲ့သည်ဟုဆိုကာ ယင်းပေးစာမှာ လူမှုကွန်ရက် ဖေ့စ်ဘုတ် ၌ ပျံ့နှံ့လျက်ရှိသည်။
အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ ဗဟိုကော်မတီနှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် စစ်ရေးကော်မတီမှ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာဟု ခေါင်းစဉ် တပ်ထားသည့် ယင်းပေးစာတွင် MNDAA မှာ ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် ပထမဆုံး ငြိမ်းချမ်းရေး ယူခဲ့ကြောင်း၊ ကိုးကန့်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဗိုလ်ချုပ်ခင်ညွန့် ကိုယ်တိုင်က ထုတ်ဖော် ပြောယူခဲ့ရကြောင်း၊ ဦးဖုန်ကြားရှင် ဦးဆောင်၍ ဘိန်းစိုက်ပျိုးမှု ရပ်တန့်စေခဲ့ပြီး ဘိန်းပပျောက် နယ်မြေဟု ကြေညာနိုင်ခဲ့ကြောင်း ပါရှိသည်။
ထို့ပြင် ၈.၈.၂၀၀၉ ကိုးကန့် အရေးအခင်းအဖြစ် အထူးဒေသ (၁) (ကိုးကန့်)ကို အစိုးရဘက်မှ အကြောင်းမဲ့ အပြစ်တင်၍ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ် လာခဲ့ကြောင်း၊ ယင်းအရေးအခင်းကြောင့် ပြည် တွင်းစစ်နှင့် ပြန်လည် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်ကြောင်း၊ ကိုးကန့်အရေးအခင်း နောက်ပိုင်း အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ် စစ်ရေးစစ်ဆင်မှုများကို အစိုးရဘက်က ပြုလုပ်ခဲ့ပြီး ပြည်တွင်းစစ် စက်ကွင်း သို့ ခေါ်ဆောင် နေကြောင်း၊ မြန်မာ့နိုင်ငံရေး အခြေအနေကို လေ့လာကြည့်မည် ဆိုပါက လူမျိုးကြီး ၀ါဒကျင့်သုံးခြင်းသည် ပြည်တွင်းရေးကို ရှုပ်ထွေးစေပြီး မအောင်မြင်ဆိုသည်ကို အစိုးရဘက်က သိရှိနားလည်မည်ဟု ယုံကြည် ကြောင်းလည်း ပါရှိသည်။
ကိုးကန့်တိုင်းရင်းသားများ အနေဖြင့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေး ကို တောင့်တပြီး လူမျိုးရေး ခွဲခြားမှုကို မလိုလားကြောင်း၊ သမ္မတ အနေဖြင့် နိုင်ငံ၏ အကျိုးအမြတ်ကို ဦးစားပေး၍ လူမျိုးကြီးဝါဒ စွန့်လွှတ်ကာ တိုင်းရင်းသားများအား တန်းတူအခွင့်အရေး ပေးသင့်ကြောင်းနှင့် တိုင်းရင်းသား ရင်ကြားစေ့ရေးကို သော့ချက် အဖြစ် အသုံးပြုပြီး ငြိမ်းချမ်းရေးတံခါး ဖွင့်နိုင်ရန် တောင်းတပါကြောင်းလည်း MNDAA နှင့် MNDJP တို့၏ သမ္မတထံ ပေးစာ၌ ပါရှိသည်။
MH-0025
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment