Friday, February 20, 2015

သပိတ်ကျောင်းသူများအား စစ်ဆေးခဲ့မှုအတွက် ဒုရဲအုပ် ပြန်လည်တောင်းပန်

 ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသသူ မန္တလေး ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသူ ၃ ဦးကို အုတ်ဖိုမြို့နယ် ရဲစခန်းမှ တပ်ကြပ်ကျော်စိုးဆိုသူက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့မှု အပေါ် အဆိုပါ ရဲစခန်းရှိ ဒုရဲအုပ်ဇော်ဌေးဦးက သပိတ်မှောက် ကျောင်းသား/သူများ အား ပြန်လည်တောင်းပန် ခဲ့ကြောင်း မန္တလေးပင်မ သပိတ်စစ်ကြောင်းတွင် ပါဝင်သူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗဟို လုပ်ငန်း ကော်မတီဝင် ကိုရှိန်းရာဇာထွန်းက ဖေဖော်ဝါရီ ၁၆ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် အုတ်ဖိုမြို့သို့ မန္တလေးပင်မ သပိတ် စစ်ကြောင်း ရောက်ရှိစဉ် စစ်ကြောင်းတွင် လိုက်ပါလာသူ မအေးအေးဟန်၊ မယွန်းရွှေရည်ခိုင်နှင့် မအိဖြူတို့ ၃ဦးမှာ ဖျားနာသဖြင့် အုတ်ဖိုမြို့နယ် ပြည်သူ့ဆေး ရုံသို့ သွားရောက် ဆေးကုသခဲ့သည်။ ယင်းသို့ ဆေးကုသမှုခံယူစဉ် အဆိုပါ တပ်ကြပ်ကျော်စိုးက ကျောင်းသူ ၃ ဦး၏ ကိုယ်ရေး ရာဇ၀င် အချက်အလက်များအပြင် တက်ရောက်နေသည့် တက္ကသိုလ်နှင့် သင်ယူနေသည့် ဘာသာရပ်အမည်များကိုပါ မေးမြန်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့်အတွက် အုတ်ဖိုမြို့နယ် ရဲစခန်းမှ ဒုရဲအုပ်ဇော်ဌေးဦးက ယခုကဲ့သို့ လာရောက် တောင်းပန်ခဲ့ခြင်း ဖြစ်သည်။…

““ကျွန်တော်တို့ ဆေးရုံသွားပြတာ ဖြစ်တယ်။ ဘာလှုပ်ရှားမှုမှ သွားလုပ်တာ မဟုတ်ဘူး။ အဲဒါကို မလိုအပ်ဘဲနဲ့ လာမေးမြန်းတာ ကျွန်တော်တို့ကို ခြိမ်းခြောက်ရာ ရောက်တယ်။ ကျွန်တော်တို့ကို မှတ်ချက်ပေးရာ ရောက်တယ် ဆိုပြီးတော့ ကျွန်တော်တို့ ဘက်ကစပြီးတော့ သွားရောက် အဲဒီပြဿနာ ကို ဖြေရှင်းကြတာပေါ့။ မြို့နယ် ရဲစခန်း တော့ မသွားပါဘူး။ သက်ဆိုင်ရာ မြို့နယ် ဒုရဲအုပ်တစ်ယောက် လာပြီးတော့ ဖြေရှင်းပေး ပါတယ်။ တောင်း လည်း တောင်းပန်ပါတယ်။ နောက်ဒါမျိုး မဖြစ်စေရပါဘူးဆိုပြီး ဖြေရှင်းပြီးတော့ သူ့လူသူပြန်ခေါ် သွားပါတယ်””ဟု ဗကသ ဗဟိုလုပ်ငန်း ကော်မတီဝင် ကိုရှိန်းရာဇာထွန်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါဆေးကုသမှု ခံယူရသူ ကျောင်းသူ ၃ ဦးအနက် ၂ ဦးမှာ အုတ်ဖိုဆေးရုံ၌ပင် ပြန်လည် သက်သာ ကောင်းမွန်လာပြီး မအေးအေးဟန်မှာ သက်သာခြင်းမရှိသဖြင့် ကြို့ပင်ကောက်မြို့နယ်ရှိ GBK ပုဂ္ဂလိက ဆေးရုံ သို့ ပြောင်းရွှေ့ကုသမှု ခံယူခဲ့ရသည်။

““ဆေးခန်းသွားပြတာပေါ့နော်။ အစ်မတစ်ယောက်နဲ့ တစ်ယောက် ကတော့ ဆေးရုံ တင်လိုက်ရတယ်။ ဆေးရုံ သွားပြတဲ့အချိန်မှာ နာမည်တောင်းတယ်။ အသက်မေးတယ်။ အဲဒါကတော့ ဆေးရုံက မေးနေကြပဲ။ ဒီအတိုင်းပဲ ဖြေလိုက်တယ်။ အဲဒီလူကြီးက နာမည်တွေ၊ အသက်တွေ၊ ဘယ်တက္ကသိုလ်မှာ တက်တာလဲ၊ ဘယ်နှစ်လဲတွေ၊ ဘယ်မေဂျာ လဲ လျှောက်မေးတယ်။ နေမကောင်းလို့သွားတာ သူတို့က နေရာ တကာလိုက်ပြီးတော့ စိတ် အနှောင့်အယှက် ဖြစ်တယ်””ဟုမေးမြန်းခံခဲ့ရသူ မအိဖြူက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အုတ်ဖိုမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ဇော်ဌေးဦး ကို မြန်မာသံတော်ဆင့်က သပိတ်ကျောင်းသူများအား စစ်ဆေး မေးမြန်းမှု များနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ““မဟုတ်ပါဘူး။ အဲဒီလို မဟုတ်ပါဘူး။ ကျွန်တော်တို့ အမှုက လူနာကို သွားကြည့်တာ။ ကြုံလို့ဘာဖြစ်တာ လဲလို့ မေးရင်း ကနေပြီးတော့ သူတို့လာမေးတယ် ဆိုပြီးတော့ အထင်လွဲတာပေါ့။ သူတို့ပြောပြပြီးတော့ ဖြေရှင်းပြီးပါပြီ။ ရှင်းပြထားတယ်။ အထင်အမြင် လွဲတာဘာညာ။ ကျွန်တော်သွားပြီး ဖြေရှင်းတာပါ။ တာဝန်ပေးလို့””ဟု ပြန်လည်ဖြေကြားခဲ့သည်။

ရည်မွန်ဖြိုး

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment