Friday, February 20, 2015

UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများက သပိတ်မှောက် ကျောင်းသားများကို သိန်း ၃၀ လှူဒါန်း

ရန်ကုန် (မဇ္ဈိမ)။ ။ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် မိတ်ဖက်အဖွဲ့အစည်းများက အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ကြိုးစားနေသည့် သပိတ်မှောက် ကျောင်းသားများကို သိန်း ၃၀ လှူဒါန်းခဲ့သည်။

Student-Strike-at-Aunglan-to-Pyi-06
ကျောင်းသား သပိတ်စစ်ကြောင်းသည် ဖေဖေါ်ဝါရီလ ၈ ရက် နံနက် ၁၀ နာရီခွဲတွင် အောင်လံမြို့ရှိ တည်ခိုးရာ တာဝတိံသာ ကျောင်းတိုက်မှ ထွက်ခွါ၍ ပြည်မြို့သို့ ချီတက်စဉ်။ (ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)



UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများက ဖေဖော်ဝါရီလ ၁၇ ရက်မှ ၁၉ ရက်အထိ ပြုလုပ်သော ညှိနှိုင်းဆွေးနွေးပွဲသို့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီအဖွဲ့ဝင်များက က အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းခဲ့သည့် လှုပ်ရှားမှုဖြစ်စဉ်များ၊ ရည်ရွယ်ချက်များ၊ အကျိုးရလာဒ်များကို လာရောက် တင်ပြဆွေးနွေးမှု အပြီးတွင် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်တပ်ဖွဲ့များက ကျောင်းသားများကို အလှူငွေအသီးသီး ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဦးအေးသာအောင်က “ပါတီ၊ လူမှုအဖွဲ့အစည်း လက်နက်ကိုင် အဖွဲ့တွေအလိုက် လှူကြတာပါ။ ကျောင်းသားတွေက လူထုရဲ့ အမျိုးသား ပညာရေး ဥပဒေကို တောင်းဆိုဆန့်ကျင်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုလုံးကို ရှင်းပြခဲ့ကြပါတယ်။ ” ဟု ပြောသည်။

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) နှင့် မိတ်ဖက်အဖွဲ့အစည်းများကလည်း ကျောင်းသားများကို အားပေးထောက်ခံခဲ့ပြီး ညှိနှိုင်းဆွေးနွေးပွဲအပြီး ထုတ်ပြန်ခဲ့သည့် သဘောထားကြေညာချက်တွင်  အမျိုးသားပညာရေး  ဥပဒေပြင်ဆင်ရေး တောင်းဆိုလှုပ်ရှားမှုကို အပြည့်အ၀ ထောက်ခံပြီး တာဝန်ရှိသူများက သပိတ်မှောက်ကျောင်းသားများအပေါ် ဖိအားပေးခြင်း၊ တားဆီးနှောက်ယှက်ခြင်း၊ အကြမ်းဖက်ခြင်း လုံးဝမပြုဘဲ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲက သဘောတူ တင်ပြထားသည့် အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က အမြန်ဆုံး အတည်ပြုပြဌာန်းပေးရန် တိုက်တွန်းထားသည်။

ညီညွတ်သော်တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် ကိုခွန်းဇော် (Twan Zaw) က “ကျောင်းသားတွေ လုပ်နေတာက အားလုံးနဲ့သက်ဆိုင်တဲ့အလုပ်ပါ။ အဲ့ဒီအပေါ်မှာ တက်စွမ်းသလောက် ကူညီတာပါ။ ဒီအပေါ်မှာ အနစ်နာခံပြီး ကူညီဆောင်ရွက်နေကြတာပါ။ သူတို့ ပညာသင်ကြားရမယ့် အချိန်တွေကို  ပညာသင်ကြားမှု နယ်ပယ်ထဲမှာ မကုန်ဆုံးဘဲ တိုင်းပြည်ရဲ့ပညာရေး ပြုပြင်ပြောင်းလဲရေးလုပ်နေတာက ဂုဏ်ပြုထိုက်တဲ့လုပ်ရပ်ပေါ် တက်နိုင်သလောက် ဂုဏ်ပြုတာပါ။” ဟု ပြောသည်။

ဖေဖော်ဝါရီလ ၁၄ ရက်က လွှတ်တော်၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ကိုယ်စားလှယ်များ၊ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကျောင်းသားကိုယ်စားလှယ်များနှင့် အစိုးရ အဖွဲ့ဝင်များ တွေ့ဆုံ ဆွေးနွေးခဲ့သည့် လေးပွင့်ဆိုင်ဆွေးနွေးပွဲ ရလာဒ်အဖြစ် အမျိုးသားဥပဒေကို ပြင်ဆင်ရန် ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ဖေဖော်ဝါရီလ ၁၅ ရက်က ရေးဆွဲပြီးစီးခဲ့ပြီး လွှတ်တော်တင်ရန် တာဝန်ရှိသူများက ဆွေးနွေးနေကြပြီ ဖြစ်သည်။

Credit - Mizzima News

No comments:

Post a Comment