ချင်းမိုင် (မဇ္ဈိမ)။ ။ ကချင်ပြည်နယ် ဖားကန့်မြို့မှ အသက် ၁၄ နှစ်အရွယ် ကိုးတန်းကျောင်းသူ မဂျာဆိုင်းအိန် သေဆုံးမှုကို တိုင်ကြားသည့် ဖခင် ဦးဘရန်ရှောင်အား အသေရေဖျက်မှုဖြင့် ထောင်ဒဏ် ၆ လ သို့မဟုတ် ဒဏ်ငွေ ၅ သောင်း ချမှတ်လိုက်ပြီး ဦးဘရန်ရှောင်က ငွေဒဏ် ၅ သောင်း ပေးဆောင်ကာ ခရိုင်တရားရုံးတွင် အယူခံဝင်သွားမည်ဟု ဦးဘရန်ရှောင်က မဇ္ဈိမကို ပြောသည်။
ဖားကန့်မြို့နယ် မှော်ဝမ်း ရပ်ကွက်အုပ်စု (၁) ဆွမ်ငိုင်ယန် ကျေးရွာမှ မဂျာဆိုင်းအိန် သေဆုံးမှုကို ဖခင်ဖြစ်သူ၏ တိုင်ကြားမှုအပေါ် နှစ်နှစ်ကျော်ကြာ စစ်တပ်က တရားစွဲဆိုမှု ရင်ဆိုင်ခဲ့ရာမှ ဖေဖော်ဝါရီလ
၁၃ ရက် ရုံးချိန်းပေါင်း ၅၅ ကြိမ်တွင် ဖားကန့်မြို့နယ် တရားရုံးမှ တရားသူကြီး ဦးထွန်းဦးက ရုတ်တရက် အမိန့်ချမှတ်လိုက်သည်ဟု ၎င်းက ပြောသည်။
“တရားမျှတတဲ့ တရားစီရင်တာတော့ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်က ကျေနပ်တာတော့ မရှိဘူး။ ဒီလို အမှုက သာမာန်အမှု မဟုတ်တဲ့အခါကျတော့ ဆုံးဖြတ်ဖို့ တော်တော်ခက်မယ်လို့ မြင်တယ်။ ဒါကြောင့် တရားသူကြီးက အထက်အမိန့်အရ လုပ်တာ ဖြစ်တယ်ဆိုပြီး မြင်တယ်။ သူလည်း ခက်ခက်ခဲခဲ အမိန့်ချလိုက်တာ ဖြစ်မယ်”ဟု ဦးဘရန်ရှောင်က မဇ္ဈိမကို ပြောသည်။
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်က အစိုးရ စစ်တပ်နှင့် KIO တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားနေချိန်တွင် မဂျာဆိုင်းအိန် သေဆုံးခဲ့ပြီးနောက် ဖခင် ဦးဘရန်ရှောင်က အစိုးရ စစ်တပ်၏ ကျည်ဆံ ထိမှန်၍ သေဆုံးခဲ့သည်ဟု ဆိုကာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ထံ တိုင်တန်းခဲ့သည်ကို မမှန်မကန် တိုင်တန်းသည်ဟု အစိုးရ၏ ဒု-စစ်ဆင်ရေးမှူး ဗိုလ်မှူး ဇာနည်မင်းပိုက်က တရားလိုပြုကာ ပုဒ်မ ၂၁၁ အသေရေဖျက်မှုဖြင့် တရားစွဲခဲ့သည်။
၂၀၁၃ ခုနှစ် ဧပြီလ ၈ ရက်တွင် ဖားကန့်မြို့နယ် တရားရုံးက ကျပ်ငွေ ခြောက်သိန်းဖြင့် အာမခံပေးခဲ့ပြီး အမှုကို ဆက်လက် ရင်ဆိုင်ခဲ့သည်။ အမှုမှန်ပေါ်ပေါက်ရန်အတွက် ကော်မရှင် တစ်ရပ်ဖွဲ့စည်း၍ စစ်ဆေးပေးရန် ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ တောင်းဆိုမှုများ ရှိခဲ့သည်။
တရားလို ဗိုလ်မှူးဇာနည်မင်းပိုက်က တရားရုံးသို့ ပထမဆုံး ရုံးချိန်းသာ လာခဲ့ပြီး နောက်ပိုင်း တရားရုံးက အကြိမ်ကြိမ် ဆင့်ခေါ်ခဲ့သော်လည်း မတက်ရောက်ခဲ့၍ အမှုကြန့်ကြာခဲ့သည်။ ဇန်နဝါရီလက အကြိမ်၅၀ မြောက် ရုံးချိန်းတွင် တက်ရောက်ခဲ့ကာ ရုံးချိန်းပေါင်း ၅၅ ကြိမ်၌ ၂ ကြိမ်သာ တရားရုံးသို့ လာရောက်ခဲ့သည်။
တရားလို ဒု-စစ်ဆင်ရေးမှူး ဇာနည်မင်းပိုက်က ပထမဆုံး ရုံးချိန်းတွင် မဂျာဆိုင်းအိန် သေဆုံးမှုသည် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ မိုင်းဗုံးကြောင့် သေဆုံးခြင်း ဖြစ်သည်ဟု တရားရုံးတွင် ထွက်ဆိုခဲ့သည်။
တပ်မတော်က တရားစွဲဆိုထားမှုကို ရုပ်သိမ်းပေးရန် အရှေ့တောင်အာရှတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို အကာအကွယ်ပေးနေသည့် Fortify Rights အဖွဲ့ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများက သမ္မတ ဦးသိန်းစိန်ထံ ဒီဇင်ဘာ ၁၈ ရက်က အိတ်ဖွင့်ပေးစာပို့၍ တောင်းဆိုခဲ့သည်။
Credit - Mizzima News
No comments:
Post a Comment