– ကျော်ကျော်မင်း
အာဏာဆိုတာ တပ်မတော်က အချိန်မရွေး သိမ်းပိုက်နိုင်တဲ့ ပုံစံ၊ သိမ်းပိုက်နိုင်တဲ့ အခြေအနေ ရှိတယ်ဆိုတာ ပြချင်တဲ့သဘော …အစိုးရနဲ့ တရုတ်အကြား ဆက်ဆံရေး ဘယ်လိုရှိတယ်ဆိုတာလည်း အားလုံး သိထားတာပဲ။ တရုတ်နဲ့အမှန်တကယ် ပတ်သက်တယ်ဆိုရင် သံတမန် ဆက်သွယ်မှုတွေနဲ့ ဆွေးနွေးတာက ထိရောက်မှုပိုရှိတာပေါ့ . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အစိုးရတပ်များနှင့် အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားနေသည့် တအာဝ်းပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ ပြန်ကြားရေး ဌာနမှူး မိုင်းအိုက်ကျော်ထံသို့ လက်ရှိစစ်ရေး၊ နိုင်ငံရေးအမြင်များ ကို ဖေဖော်ဝါရီလ ၁၈ ရက် နေ့လယ် ၂ နာရီ ၁၂ မိနစ်က တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သည်များကို ဖော်ပြလိုက် ပါသည်။
မေး – အခုဖြစ်နေတဲ့စစ်ပွဲမှာ တရုတ်ကျောထောက်နောက်ခံပြု လက်နက်ကိုင် သောင်းကျန်းသူတွေနဲ့ တိုက်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို အစ်ကိုတို့အနေနဲ့ ဘယ်လိုဝေဖန်ချင်သလဲ။
ကျွန်တော်တို့ သိရသလောက်တော့ ဖုန်ကြားရှင်နဲ့ ပတ်သက်ပြီး ပြော ဆိုနေတာတွေ အစိုးရဘက်ကပေါ့။ ကိုးကန့် အဖွဲ့ကို သွားရောက် တိုက်ခိုက် သိမ်းပိုက်တာ။ အတင်းအဓမ္မ လက်နက် အပ်နှံခိုင်းတာတွေ ပေါ့နော်။ အဲဒီတော့ သူတို့ဒေသကို ပြန်ရရှိရေးအတွက် ပြန်တော်လှန်တာလို့ သိရတယ်။ တရုတ်ပါဝင် ပတ်သက်မှု ကတော့ ကျွန်တော်တို့ သိရသလောက်တော့ မရှိဘူးပေါ့နော်။…
မေး – တရုတ်ပါဝင်ပတ်သက်မှုက အခုထိ မရှိဘူးလို့ ဆိုလိုတာပေါ့။
ဟုတ်ကဲ့။ ဟုတ်ကဲ့။ ဟုတ်ပါတယ်။
မေး – တစ်ဖက်မှာတော့ အစိုးရ ထောက်ခံသူတွေ ဘက်ကလည်း တရုတ်ပါ ၀င်ပတ်သက်မှုရှိ မယ်လို့ ပြင်းပြင်း ထန်ထန် ဝေဖန်မှုတွေ ရှိနေတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်လဲ။
အစိုးရနဲ့ တရုတ်အကြား ဆက်ဆံရေး ဘယ်လိုရှိတယ် ဆိုတာလည်း အားလုံးသိထားတာပဲ။ အဲဒီတော့ ကျွန်တော်တို့နဲ့ ဆက်သွယ်မှု ရှိတယ် ပြောနေတယ်။ အစိုးရနှစ်ခုအကြားမှာ စစ်ရေးအရရော၊ စီးပွားရေး အရရော သံတမန် ဆက်သွယ်မှုတွေ ရှိနေတာပဲ။ အပြန်အလှန် သဘောတူညီမှု အဆင့်ဆင့်တွေလည်း သူတို့မှာရှိတာပဲ။ တရုတ်နဲ့ အမှန်တကယ် ပတ်သက်တယ်ဆိုရင် သံတမန် ဆက်သွယ်မှုတွေနဲ့ ဆွေးနွေးတာက ထိရောက်မှု ပိုရှိတာပေါ့။
မေး – ကိုးကန့်ကိစ္စကို အခြေခံပြီး တရုတ်နဲ့ ဆက်နွှယ်တယ်ဆိုတဲ့အပြင် တခြားတိုင်းရင်းသား တပ်ဖွဲ့တွေကိုပါ တာဝန်ရှိတယ်လို့ ပြောနေတဲ့ အပေါ်မှာရော ဘယ်လို ဝေဖန်ချင်ပါလဲ။
အမျိုးမျိုးတော့ ရှိကြတာပေါ့။ အစိုးရနဲ့ တိုက်နေတာ ၃ ဖွဲ့ဆိုတော့။ ကျွန်တော်တို့ဆို အစိုးရနဲ့ ဘာသဘောတူညီမှုမှ မယူထားတော့ စစ်ရေး အရ ပြင်းပြင်းထန်ထန် ဖိအားပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ နောက် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးဆိုတဲ့ ကျောင်းသား သပိတ်တွေ လည်း ပေါ်လာတယ်။ အလုပ်သမား သပိတ်တွေလည်း ရှိနေတယ်။ ဆိုတော့ အဘက်ဘက်မှာ အကျပ်အတည်း ဖြစ်နေတဲ့အချိန်ဆို တော့ နိုင်ငံရေးအရ ကစားပြီးမှ ပြည်သူအာရုံ ရောက်အောင်လုပ်တဲ့ သဘောလည်း သက်ရောက်တာပေါ့။
မေး – အစ်ကိုပြောသလိုဆိုရင် ကျောင်းသားသပိတ်၊ အလုပ်သမား သပိတ် တွေက လည်း ဖြစ်နေ တယ်ဆိုတော့ နိုင်ငံရေးအရ အာရုံလွှဲ တယ်လို့ ကောက်ချက်ချ လို့ရတာပေါ့။
ဟုတ်တယ်။ နိုင်ငံရေးအရ ပြည်သူလူထု အာရုံလွဲအောင် ပြုလုပ်လိုက်တဲ့ အနေအထားမှာ ရှိနေတယ်။
မေး – ဆိုတော့ သူတို့(အစိုးရ)က ကျောင်းသားသပိတ်ကို ဖြိုခွဲဖို့ နိုင်ငံရေး နည်းလမ်းသုံးတာလား။ ဒါမှမဟုတ် အစ်ကိုတို့ဘက်ကို စစ်ရေးအရ ဦးတည်တာလား။ ဘယ်လိုသုံးသပ်မလဲ။
အဲဒီနှစ်ချက်လုံးလုံး တပြိုင်နက်တည်းလုပ်တာ ဖြစ်နိုင်တာပေါ့။ တစ်ဖက်ကလည်း တိုင်းရင်းသား တပ်ဖွဲ့တွေ နဲ့ ဆွေးနွေးမှုတွေ အပေါ်မှာ ဖိအားတွေ ပေးချင်တယ်။ အဲဒါက တစ်ကြောင်းရှိ မယ်။ စောစော ကပြောတဲ့ နိုင်ငံရေး လှည့်ကွက် ပုံစံလုပ်တာလည်း တစ်ကြောင်းရှိမယ်။
မေး – စစ်ပွဲတွေရဲ့ လက်ရှိ အခြေအနေကရော ဘယ်လိုဖြစ်နေလဲ။
အခုကတော့ အဲဒီဘက်မှာ ပြင်းပြင်းထန်ထန် မရှိတော့ဘူး။ ကြိုးကြားကြိုးကြား ပစ်ခတ်မှုတွေတော့ ရှိတာပေါ့။ နောက်တစ်ခုက အခုရောက်လာတဲ့ တပ်တွေကတော့ လောက်ကိုင်မှာ လက်နက်ကြီး အမြောက်တွေနဲ့ လိုက်ပြီးတော့ သူတို့ထင်ရာကို လိုက်ပစ်တာတော့ ရှိတာပေါ့။ လူနေအိမ်ရှိတာတွေ ရှိတာပေါ့။ ပစ်တော့ ပစ်နေတာပဲ။
မေး – အဓိကဖြစ်နေတာက ဘယ်အဖွဲ့တွေပါသေးလဲ။
ကိုးကန့်ဒေသမှာ ကျွန်တော်တို့ TNLA ရယ်။ ကိုးကန့်ရယ်။ AA(ရခိုင်တပ်မတော်)ရယ်။ အဲဒီ ၃ ခုပါတယ်။
မေး – ခုနကပြောတဲ့ အစိုးရ ထိုးစစ်တွေကရော ရပ်သွားပြီလား။
မရပ်သေးဘူး။ ခုထိတော့ မရပ်သေးဘူး။ ထပ်တက်လာနေတုန်းပဲ။
မေး – ဒီတစ်ခေါက် တိုက်ပွဲမှာ မီဒီယာတွေကို သတင်းတွေ အလျင်အမြန် ထုတ်ပြန်လာတယ်။ တပ်မတော်သားတွေ ကျဆုံးကြောင်းတွေကိုပါ ထုတ်ပြန်လာတဲ့အပေါ် ဘယ်လိုမြင်သလဲ။
အဲဒါတော့ ကျွန်တော်တို့လည်း စဉ်းစားလို့မရဘူး။ ခါတိုင်းကတော့ ထုတ်ပြန်လေ့ ထုတ်ပြန်ထမရှိဘူး။ အခုကတော့ တောက်လျှောက်ကို ထုတ်ပြန်နေတာ တွေ့ရတယ်။ မနေ့ကဆိုရင် လောက်ကိုင်ကို စစ်အုပ်ချုပ်မှု အောက်မှာ ထားလိုက်ပြီ ဆိုတာကို တရားဝင် ထုတ်ပြန်လိုက်သေးတယ်။ ပြန်ကြည့်မယ်ဆိုရင် တစ်ဖက်က ထိုးစစ်ကို ဖိအားပေး တောက်လျှောက် ဆင်နေသလို နောက်တစ်ကြောင်းကတော့ အာဏာဆိုတာ တပ်မတော်က အချိန်မရွေး သိမ်းပိုက်နိုင်တဲ့ပုံစံ၊ သိမ်းပိုက်နိုင်တဲ့ အခြေအနေ ရှိတယ်ဆိုတာ ပြချင်တဲ့ သဘောလည်း ရှိတာပေါ့။ ရွေးကောက်ပွဲ မတိုင်ခင် သရုပ်ပြတာပေါ့။
မေး – အစ်ကိုဆိုလိုတာက ရွေးကောက်ပွဲမတိုင်ခင် ခြိမ်းခြောက်မှု လုပ်တယ်လို့ ပြောချင်တာလား။
ဟုတ်တယ်။ စောစောက ပြောတာ နှစ်ချက်ပေါ့နော်။ စစ်ရေးအရ အင်အားပြရင်းနဲ့ ကိုးကန့်ကို ထုတယ်။ ကိုးကန့်အဖွဲ့တွေ က နေရာအနှံ့ ပြန်ပစ်အောင် စစ်ရေးအရ ဖိအားပေးတဲ့သဘော ရှိတယ်။ တစ်ဖက်ကလည်း တပ်မတော်က တိုင်းပြည်အာဏာကို အချိန်မရွေးအရ သိမ်းပိုက်နိုင်တဲ့ သဘောလည်း ပြလိုက်တာပဲ။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment