ချင်းမိုင် (မဇ္ဈိမ)။ ။ ပြည်ထောင်စုနေ့တွင် “ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိကဝတ်” လက်မှတ်ရေးထိုးခဲ့သော ကရင် အမျိုးသား အစည်းအရုံး (KNU) က လက်မှတ်ရေးထိုးမှုသည် ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်နှင့် မညီသဖြင့် KNU အဖွဲ့အတွင်း ပြန်လည် ဖြေရှင်းဆောင်ရွက်မည် ဟု ဖေဖော်ဝါရလ ၁၆ ရက်တွင် ထုတ်ပြန်လိုက်ခဲ့သည်။
“ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် KNU နှင့် RCSS/SSA နှစ်ဖွဲ့ လက်မှတ်ရေးထိုးခဲ့ခြင်းသည် ဖေဖော်ဝါရီလ ၃ မှ ၇ ရက်ထိ ကျင်းပခဲ့သော KNU ၏
ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေး၏ ဆုံးဖြတ်ချက်နှင့် မကိုက်ညီသောကြောင့် ၎င်းကိစ္စကို KNU အတွင်း ပြန်လည် ဖြေရှင်းဆောင်ရွက်မည်”ဟု ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ပြည်ထောင်စုနေ့အတွက် တက်ရောက်ရန် ကိုယ်စားလှယ်များ စေလွှတ်ပြီး ကြေညာချက် တစ်စုံတစ်ရာကို ထုတ်ပြန်ကြေငြာခဲ့ပါက မိမိတို့ အဖွဲ့အစည်း၏ ပေါ်လာစီနှင့် ရပ်တည်ချက်များကို သွေဖယ်ဆန့်ကျင်မှုမရှိဘဲ အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းလုပ်ဆောင်သွားမည်ဟု KNU ဗဟိုအမြဲတမ်းအစည်းအဝေးအပြီး ဖေဖော်ဝါရီလ ၉ ရက်က ကြေငြာလိုက်ခြင်း ဖြစ်သည်။
KNU ဥက္ကဋ္ဌ မူတူးစေးဖိုးနှင့် အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းတို့က အချက် ငါးချက်ပါ “ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိကဝတ်” ကို ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့သည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အချိန်ကြန့်ကြာနေသည့်အပေါ် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်သူများအကြား သံသယ ရှိနေမှုကို အတူ ပူးပေါင်းပါဝင်ရန်အတွက် ကတိပြုချက် ရယူခြင်း ဖြစ်သည်ဟု KNU အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောသည်။
“တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး မပြီးသေးတဲ့အပေါ်မှာ အချိန်ကြန့်ကြာနေတဲ့အပေါ်မှာ ပြည်သူလူထု ဘက်ကရော၊ ကျနော်တို့ဘက်ကရော သံသယ ရှိမှုတွေ ရှိကြတာကိုး၊ ဒီလိုမဖြစ်အောင် ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံ့အရေးကို ဦးဆောင်နေတဲ့ အဖွဲ့အစည်းအကုန်လုံးကနေပြီးတော့ အဲဒီပြည်ထောင်စုနေ့မှာ ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးအတွက် အတူတကွ ပူးပေါင်းပါဝင်ဖို့အတွက် ကတိပြုချက်တွေ ထပ်ပြီးသွားကြတဲ့သဘောပဲ ရှိတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။
ဗဟိုအစည်းအဝေး ဆုံးဖြတ်ချက်တွင် တိုင်းရင်းသားအဖွဲ့ အများစုပါဝင်မှ လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခဲ့သဖြင့် လက်ရှိ တိုင်းရင်းသားအဖွဲ့ နှစ်ဖွဲ့သာ လက်မှတ်ရေးထိုးသဖြင့် စိုးရိမ်သလို၊ အခြားတိုင်းရင်သား အဖွဲ့အစည်းများလည်း နားလည်မှု လွဲမှားစေနိုင်ကာ တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲ ဆောင်ရွက်ရန်အတွက် အနှောက်အယှက်ဖြစ်မည်ကို စိုးရိမ်ကြောင်း KNU ဒု ဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ဒီဗီဘီသတင်းဌာနသို့ ပြောဆိုထားသည်။
နေပြည်တော်တွင် သမ္မတများ၊ လွှတ်တော်အမတ်များ၊ တပ်မတော်ဘက်မှ အဆင့်မြင့်အရာရှိများ၊ နိုင်ငံရေးပါတီများနှင့် လက်နက်ကိုင်အဖွဲ့အစည်း ၁၃ ဖွဲ့မှ KNU အပါအဝင် RCSS/SSA/DKBC နှင့် KNU/KNLA-PC စသည့် အဖွဲ့ လေးဖွဲ့တို့ လိုက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
KNU ၏ မူဝါဒ ဖြစ်သည့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းကာ စစ်မှန်သည့် ပြည်တွင်း ငြိမ်းချမ်ေးရးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို တပြည်လုံး အပစ်အခတ် ရပ်စဲစေပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု အမြန်ဆုံးဖြစ်ပေါ်ရန် KNU မူဝဒါနှင့် အညီ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့်အတူ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပါရှိသည်။
Credit - Mizzima News
No comments:
Post a Comment