ချင်းမိုင် (မဇ္ဈိမ)။ ။ နယ်သာလန်နိုင်ငံရောက် ကချင်တိုင်းရင်းသားများ
ဦးဆောင်၍ အဓမ္မပြုကျင့်ခံရ၍ သတ်ဖြတ်ခံခဲ့ရသော ကချင်ကျောင်း ဆရာမ နှစ်ဦး၏
အမှု အမှန်တရားဘက်မှ ဖော်ထုတ်နိုင်ရန်နှင့် လက်ရှိ ကချင်ပြည်နယ်အတွင်း
အစိုးရ စစ်တပ်အင်အားများ တိုးမြှင့်နေမှုများ ရပ်တန့်ရန်ရန်
ဆန္ဒပြတောင်းဆိုခဲ့သည်ဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း
မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့ နယ် နမ့်တောင်ကျေးရွာအုပ်စု
ကောင်းခါးကျေးရွာတွင် သေဆုံးခဲ့သော ကချင် ကျောင်းဆရာမ နှစ်ဦးအား ၂၀၁၅
ခုနှစ် ဇန်န၀ါရီလ ၂၂ ရက် နံနက်ပိုင်းက မန္တလေးမြို့ အောင်ပင်လယ်ရှိ
အောက်မြန်မာပြည် ကချင်နှစ်ခြင်း ဇုံနယ်ရုံးတွင် ပတ်ဝန်ကျင်ရှိ ထပ်တူထပ်မျှ
ခံစားရသူများ ဆုတောင်းဂုဏ်ပြုပွဲကို ကျင်းပပြုလုပ်စဉ်။ (ဓတ်ပုံ - ဘိုဘို၊
မဇ္ဈိမ)
ဖေဖော်ဝါရီလ ၁၉ ရက် မွန်းလွဲ ၁၂ နာရီကျော်မှ ၃ နာရီထိ ကချင်တိုင်းရင်းသားအဖွဲ့အစည်း နယ်သာလန် (KCNL) ဦးဆောင်ကာ ဘယ်လ်ဂျီယမ် (Belgium) နိုင်ငံ Brussels မြို့ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ စေတနာ့ဝန်ထမ်း ကချင်ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့်ခံရ၍ သေဆုံးခဲ့မှု အပေါ် မြန်မာအစိုးရက အမှုမှန်ဖော်ထုတ်ပေးရန်၊ လိုင်ဇာ ဗိုလ်လောင်းကျောင်းသား ၂၃ ဦးသေဆုံးမှု အပေါ် သမ္မတ ဦးသိန်းစိန် အစိုးရမှ အဖြေရှာ ရှင်းလင်းရန် အပါအဝင် အချက် ၅ ချက်ကို တောင်းဆိုခဲ့သည်ဟု KCNL ၏ ဥက္ကဋ္ဌ ဦးမွေဖုဘောက်ဆန့်က ပြောသည်။
“ကျွန်တော်တို့ နယ်သာလန်နိုင်ငံမှာ မြန်မာအစိုးရသံရုံးမရှိလို့ ဘယ်လ်ဂျီယမ်မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ ကျွန်တော်တို့ ဆန္ဒပြတောင်းတယ်။ ကြွေးကြော်တာတွေ လုပ်တယ်။ ဆရာမ နှစ်ဦး သတ်ဖြတ်ခံရတဲ့ ဓါတ်ပုံတွေ ကိုင်တယ်။ ဆရာမနှစ်ဦးပြီးနောက် လူငယ်တွေကို မီးရှုံ့သတ်ဖြတ်ခံရတဲ့ ပုံတွေ၊ ငြိမ်းချမ်းရေးဆွေးနွေးဖို့၊ တရားမျှတမှု ရဖို့။ ကချင်ပြည်နယ်မှာ တရားမျှတမှုတွေ ရှိဖို့ တောင်းဆိုတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။
ထို့ပြင် လက်ရှိ ဖြစ်ပွားနေသော ပြဿနာသည် စစ်ရေးမဟုတ်ဘဲ နိုင်ငံရေး ပြဿနာဖြစ်၍ တွေ့ဆုံဆွေးနွေး အဖြေရှာရန်၊ ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရ၏ စစ်ရေးတိုးမြင့်မှုများ ရုပ်သိမ်းပေးရန်နှင့် စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် တောင်းဆိုခဲ့သည်ဟု သူက ပြောသည်။
ဆန္ဒပြသူများက မြန်မာသံရုံးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ၎င်းတို့ တောင်းဆိုထားသော စာကို ပေးရန် တောင်းဆိုခဲ့သော်လည်း မြန်မာသံရုံးက ငြင်းပယ်ခဲ့သဖြင့် စာကိုသာ ရဲမှတဆင့် ပေးခဲ့ရကြောင်း ၎င်းတို့၏ တောင်းဆိုချက်များကို EU ပါလီမန်၊ နယ်သာလန် ပါလီမန်နှင့် နိုင်ငံတကာ ခုံရုံး (international court) များသို့ မိတ္တူများ ပေးပို့မည် ဖြစ်ကြောင်း သူက ပြောသည်။
ဆရာမ နှစ်ဦး အဓမ္မပြုကျင့်ခံရသော ဓါတ်ပုံများ ကိုင်ဆောင်ခြင်း၊ ယင်းနောက် ကချင်လူငယ်များ မီးရှုံ့သတ်ဖြတ်ခံရသည့် ဓါတ်ပုံများ ကိုင်ဆောင်၍ ကြွေးကြော်၍ ဆန္ဒပြတောင်းဆိုခဲ့သည်ဟု သူက ဆိုသည်။
နယ်သာလန်နိုင်ငံတွင် မြန်မာသံရုံးမရှိသဖြင့် ကချင်တိုင်းရင်းသားအဖွဲ့အစည်း နယ်သာလန် (KCNL) ဦးဆောင်ကာ ဘယ်လ်ဂျီယမ် (Belgium) နိုင်ငံ Brussels မြို့ရှိ မြန်မာသံရုံးရှေ့တွင် မွန်၊ ရခိုင်၊ ကရင်၊ ရှမ်း စသည့် တိုင်းရင်းသားများနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (NLD-LA) တို့ ပါဝင်၍ စုစုပေါင်း လူဦးရေ ၅၀ ကျော်ဖြင့် ဆန္ဒပြ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ကချင်တိုင်းရင်းသားများအနေဖြင့် တိုင်းရင်းသားဒေသများအတွင်း အစိုးရ စစ်တပ်မှ ထိုးစစ်ဆင်မှုများ ရပ်တန့်ရန် မတရားညှင်းပန်းနှိပ်စက်မှုများ ရပ်တန့်ရန်နှင့် တရားဥပဒေ စိုးမိုးမှုရှိရန် တောင်းဆိုခြင်း ဖြစ်သည်ဟု နယ်သာလန်နိုင်ငံ NLD-LA ၏ ဥက္ကဋ္ဌ ဦးမြင့်နိုင်က ပြောသည်။
“မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေးလည်း မဟုတ်ဘူး။ လက်ရှိ ဦးသိန်းစိန် အစိုးရက ပြောတဲ့အတိုင်းမလုပ်ဘူး။ ပြည်သူလူထု တိုင်းရင်းသားတွေ အဲဒါကို အယုံအကြည် မရှိတော့လို့ သူတို့ တောင်းဆိုကြတယ်။ အခုမြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေအပေါ်မှာ တကယ်လည်း တရားဥပဒေမရှိဘဲ လုပ်ချင်တိုင်းလုပ်၊ ဖြစ်ချင်တိုင်းဖြစ်၊ တပ်မတော်ရယ် အစိုးရလည်း တိုင်းပြည်အပေါ်မှာ စေတနာမှန်မှန်နဲ့ လုပ်နေတာ မဟုတ်ဘူးလို့ သူတို့ မြင်ကြတယ်လေ” ဟု သူက မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် နမ်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာရှိ KBC စေတနာ့ ဝန်ထမ်း ကျောင်းဆရာမ မရန်လုရာနှင့် တန်ဘောင်ခေါန်နန်စင်တို့ အဓမ္မပြု ကျင့်ခံရ၍ သတ်ဖြတ်ခံရသည့် တစ်လပြည့်သောနေ့လည်း ဖြစ်သည်။ ၎င်းတို့ နှစ်ဦးအမှုနှင့် ပတ်သက်၍ အဖြေမှန် ဖော်ထုတ်ရန် ၂၄ နာရီ အစာရှောင်ဆုတောင်းကြရန် KBC က ထုတ်ပြန်ထားသည်။
Credit - Mizzima News
No comments:
Post a Comment