နေပြည်တော် (မဇ္ဈိမ)။ ။ ပါလီမန်အစည်းအဝေး ၁၅ ကြိမ်တိုင် ကျင်းပခဲ့ပြီး
နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်များ
လုပ်ကြံခံခဲ့ရသည့် (အတွင်းဝန်ရုံး) ဝန်ကြီးများရုံးရှိ
ရှေးဟောင်းအဆောက်အအုံကို အများပြည်သူတို့ လေ့လာနိုင်ရန်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အနော်မာ အနုပညာအဖွဲ့ ကုမ္ပဏီ တို့
ညှိနှိုင်းနေသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က
အမျိုးသားလွှတ်တော်တွင် ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် ရန်ကုန်မြို့ရှိ အတွင်းဝန်ရုံးကို တွေ့ရစဉ်။
၎င်းက''အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံး ရုံးထိုင်သွားတဲ့ ရုံးခန်းနှင့် တိုင်းပြည်ပြု လွှတ်တော် ညီလာခံကျင်းပခဲ့ရာ သမိုင်းဝင် ပါလီမန်အဆောက်အအုံ နေရာများတွင် ဖွင့်လှစ်ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် အများပြည်သူလေ့လာနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်'' ဟု ဆိုသည်။
သမိုင်းဝင်ပါလီမန် အဆောက်အအုံအတွင်းရှိ သမိုင်းပြတိုက်ကို လာရောက်ကြည့်ရှုမည့် အများပြည်သူများသာမက နိုင်ငံခြားသား ပညာရှင်များ၊ လေ့လာသူ ခရီးသွားဧည့်သည်များကို ဝင်ကြေးဖြင့်သော်လည်းကောင်း၊ အခမဲ့ကြည့်ရှုခွင့်ကိုသော်လည်းကောင်း စနစ်နှစ်မျိုးဖြင့် ကျင့်သုံးသွားမည် ဖြစ်ကြောင်းလည်း ဒု-ဝန်ကြီးက ရှင်းသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရ လက်အောက်တွင်ရှိသော အတွင်းဝန်ရုံးသည် သမိုင်းအမွေအနှစ်အရ ရှေးမူမပျက် မွမ်းမံပြင်ဆင် ထိန်းသိမ်းခြင်းကို တင်ဒါစနစ်ဖြင့် လုပ်ပိုင်ခွင့်ရခဲ့သော အနော်မာအနုပညာအဖွဲ့က ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အတွင်းဝန်ရုံးတွင် ၁၉၄၇ ခုနှစ် ဇွန်လ မှ ၁၉၅၁ ခုနှစ် ဒီဇင်ဘာလထိ လွှတ်တော် အစည်းအဝေး ၁၅ ကြိမ် ကျင်းပခဲ့ပြီး ရက်အရှည်ကြာဆုံး ညီလာခံအဖြစ် ၃၉ ရက် ကျင်းပခဲ့ကာ ရက်အတိုဆုံး ညီလာခံကို နှစ်ရက်သာ ဆောင်ရွက်ခဲ့ကြောင်းသမိုင်း အထောက်အထားများတွင် မှတ်တမ်းတင်ထားသည်။
Credit - Mizzima News
No comments:
Post a Comment