Thursday, February 19, 2015

ကြက်ခြေနီများကို ပစ်မှတ်အဖြစ် မတိုက်ခိုက်ရန် မေတ္တာရပ်ခံ

Kokang-Battle-s
လောက်ကိုင်မှ တိမ်းရှောင်လာသည့် ဒုက္ခသည်များပါသော ယာဉ်တန်း
တိုက်ခိုက်ခံရမှု ကြောင့် ဒဏ်ရာရရှိထားသော ကြက်ခြေနီ တပ်ဖွဲ့ဝင်
တစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)


ဖြစ်စဉ်ကို သတင်းအချက်အလက် ပိုရစေရန် ကြက်ခြေနီ အသင်းခွဲ သွားရောက်မည်

ရန်ကုန် (မဇ္ဈိမ)။ ။ ဖေဖော်ဝါရီ ၁၇ ရက်က လောက်ကိုင် နှင့် ချင်းရွှေဟော်ကြားတွင် ကြက်ခြေနီ စေတနာလုပ်အားရှင်နှစ်ဦး တိုက်ခိုက်ခံရ ခြင်းနှင့်ပတ်သက်၍ အခက်အခဲများကြားတွင် ကူညီနေသူများကို လေးစားရမည်ဖြစ်ပြီး ပစ်မှတ်အဖြစ် တိုက်ခိုက်ခြင်း မပြုလုပ်ရန် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဖေဖော်ဝါရီ ၁၈ ရက်နေ့စွဲပါ ထုတ်ပြန်ချက်တွင် အသင်းဥက္ကဋ္ဌ၊ ပါမောက္ခ ဒေါက်တာ သာလှရွှေက ပြောသည်။

၎င်းက ''တိုက်ပွဲကြောင့် နေရပ်ပြန်သူများကို လူသားချင်း စာနာထောက်ထားတဲ့ အကူအညီပေးနေစဉ်မှာ အခုလို ဒဏ်ရာရရှိကြောင်း သိရတဲ့အတွက် အလွန်ပဲ ဝမ်းနည်းရပါတယ်။ ဒီလို အခတ်အခဲတွေကြားထဲ ကူညီပေးနေတဲ့သူတွေကို လေးစားရမှာဖြစ်ပြီး ပစ်မှတ်အဖြစ် မတိုက်ခိုက်သင့်ပါဘူး'' ဟု ပြောသည်။

ယင်းအပြင် အဆိုပါစေတနာ လုပ်အားရှင်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဆိုင်ရာ သတင်းအချက်အလက် ပိုမိုရရှိရန်နှင့် ဒဏ်ရာရရှိသူများကို ကူညီရန် ဟိုပန်မြို့နယ် ကြက်ခြေနီအသင်းခွဲက ဖေဖော်ဝါရီ ၁၈ ရက်တွင် လောက်ကိုင်ဒေသသို့ သွားရောက်မည် ဟုလည်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း လူမှုကရု ဏာလုပ်ငန်းဆိုင်ရာ ပြန်ကြား ဆက်သွယ်ရေးဌာန ညွှန်ကြားရေးမှူး ဒေါ်ရွှေစင်မြင့်က မဇ္ဈိမကို ပြောသည်။

၎င်းက'' ဟိုပန်မြို့နယ်က ဒု-တပ်ရင်းမှူး နဲ့ စေသနာဝန်ထမ်းတွေကို လွှတ်ထားတယ်။ သူတို့ သတင်းပို့တာကိုလည်း ဌာနချုပ်က စောင့်နေပါတယ်။ မနက်ဖြန် (ဖေဖော်ဝါရီ ၁၉ ရက်) ကျရင်လည်း ဌာနချုပ်က ညွှန်မှူးအဆင့် နှစ်ယောက်လောက်ကို စေလွှတ်သွားဖို့ရှိပါတယ်'' ဟု ပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကြက်ခြေနီ စေတနာလုပ်အားရှင် နှစ်ဦးအတွက် မြန်မာ နိုင်ငံကြက်ခြေနီဌာနချုပ်က ဆေးကုသ စရိတ်များကို အကုန်အကျခံမည်ဖြစ်ပြီး လိုအပ်သည့် ဆေးပစ္စည်းများနှင့် ကိရိယာ များကို ပေးပို့ထားကာ လက်ရှိတွင် အသက် အန္တရာယ်မစိုးရိမ်ရဟုလည်း ၎င်းက ဆိုသည်။

အဆိုပါနှစ်ဦးသည် လောက်ကိုင်ဒေသမှ စစ်ရှောင်ဒုက္ခသည်များ တင်ဆောင်လာသည့် ယာဉ်တန်းတွင် လိုက်ပါကူညီခဲ့သူများဖြစ်ပြီး ၎င်းတို့စီးလာသည့် ကားသည် ကြက်ခြေနီအလံ လွှင့်တင်ထားသော်လည်း တိုက်ခိုက်ခံရခြင်းဖြစ်ကာ အဆိုပါယာဉ်တန်းတွင် မီဒီယာသမားများလည်း ပါဝင်သည်။

ယင်းအပြင် အဆိုပါဒေသမှ ဒဏ်ရာဖြင့် ရောက်ရှိလာသူများသည် ပြင်ဦးလွင်မြို့ဆေးရုံများတွင် ရှိနေသဖြင့် လိုအပ်သည့် သွေးကို ပြင်ဦးလွင်မြို့မှ သွေးလှူရှင် ကြက်ခြေနီများက လှူဒါန်းလျက်ရှိပြီး သွေးလှူရှင်များ ထပ်မံလိုအပ်လာပါက မန္တလေးမြို့မှ ကြက်ခြေနီ စေသနာ့ ဝန်ထမ်း သွေးလှူရှင်များကို စေလွှတ်ပေးသွား မည်ဟုလည်း ဒေါ်ရွှေစင်မြင့်က ဆိုသည်။

၎င်းက ''အဲ့ဒီမှာ စစ်ဆေးရုံလည်းရှိတော့ သွေးလိုအပ်ချက်များပါတယ်။ နောက်ပြီးတော့ နေရပ်ပြန်တဲ့လူတွေက ကားမရလို့ လမ်းလျှောက်ပြန်ကြတာကိုး။ အဝေးကြီးဆိုတော့ ထိခိုက်ဒဏ်ရာ ရတာတွေရှိပါတယ် ။ သွေးလှူရှင် မလောက်ဘူး'' ဟု ပြောသည်။

ထို့အပြင် လောက်ကိုင်နှင့် ဟိုပန်မြို့နယ်တွင် စစ်ရှောင်ဒုက္ခသည်များကို ကူညီနေကြသည့် ကြက်ခြေနီအသင်းခွဲ အဖွဲ့ဝင်များအတွက် အကာအကွယ်ဖြစ်စေမည့် အဝေးမှ ထင်ထင်ရှားရှားမြင်နိုင်သည့် ကြက်ခြေနီ အလံများနှင့် အမှတ်အသားပါ အပေါ်ယံခါးစည်းကို လုံလောက်စွာပေးပို့ သွားမည်ဟုလည်း ၎င်းက ဆိုသည် ။

လောက်ကိုင်ဒေသအတွင်းတွင် ဦးဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်လက်နက် ကိုင်တပ်ဖွဲ့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် အစိုးရတပ်မတော်ကြား ဖေဖော်ဝါရီ ၉ ရက်က တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

MNDAA ခေါ် ကိုးကန့်တပ်မတော်သည် ၁၉၈၉ ခုနှစ်က မြန်မာအစိုးရ စစ်တပ်နှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး ၂ဝဝ၉ ခုနှစ် စက်တင်ဘာလက မြန်မာအစိုးရစစ်တပ်က မူးယစ်ဆေးဝါးထုတ်လုပ်နေမှုကို ဝင်ရောက်ရှာ ဖွေခဲ့ရာမှ တိုက်ခိုက်ခဲ့သဖြင့် ဦးဖုန်ကြားရှင်သည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယခု ဖေဖော်ဝါရီလအတွင်းတွင် တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

Credit - Mizzima News

No comments:

Post a Comment