ရန်ကုန် (မဇ္ဈိမ) ။ ။ ပြည်တွင်းတွင် မိုဘိုင်းဖုန်းဆက်သွယ်ရေး
ဝန်ဆောင်မှုပေးနေသည့် တယ်လီနောမြန်မာက ၎င်းတို့၏ မိုဘိုင်း
အင်တာနက်အသုံးပြုနိုင်မှု ပမာဏကို ဖေဖော်ဝါရီလကုန်တွင်
ထပ်မံတိုးချဲ့သွားမည်ဟု တယ်လီနောမြန်မာ၏ ပြန်ကြားရေးအရာရှိ ကိုစိုးသူထွန်းက
ပြောသည်။

မြန်မာနိုင်ငံရှိ
တယ်လီဖုန်းဆင်းကပ် အော်ပရေတာ တစ်ခုဖြစ်သော တယ်လီနော Telenor ဆင်းကပ်များ
စတင်ရောင်းချသည့်နေ့ ဖွင့်ပွဲကို ရန်ကုန်မြို့ စက်မှု ၁ လမ်းရှိ တယ်လီနော
ရုံးချုပ်တွင် အောက်တိုဘာလ ၂၆ ရက် နံနက်ပိုင်းက ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ
- ဟိန်းထက်၊ မဇ္ဈိမ)
ကိုစိုးသူထွန်းက "ထိုင်းနိုင်ငံနဲ့ ချိတ်ဆက်ထားတဲ့ ကိုယ်ပိုင်ဖိုက်ဘာဆက်ကြောင်းက ပြီးသွားပါပြီ။ အဲဒီကနေ အင်တာနက်အသုံးပြုနိုင်မှု ပမာဏကို ဖေဖော်ဝါရီ လကုန်မှာ ထပ်ပြီးတိုးချဲ့သွားပါမယ်" ဟု ဆိုသည်။
တယ်လီနောမြန်မာက ထိုင်းနိုင်ငံနှင့် ချိတ်ဆက်ထားသည့် ကိုယ်ပိုင် ဖိုက်ဘာဆက်ကြောင်းကို ဖေဖော်ဝါရီလ ဆန်းပိုင်းတွင် စတင်စမ်းသပ် အသုံးပြုနေပြီး ဖေဖော်ဝါရီ လကုန်မှစတင်ကာ ၀န်ဆောင်မှုပေးသွားမည်ဖြစ်ပြီး ယင်းဆက်ကြောင်းမှ အင်တာနက်အသုံးပြုနိုင်မှု ပမာဏ 10 GB အထိ တိုးချဲ့သွားမည်ဟု ကိုစိုးသူထွန်းက ပြောသည်။
၎င်းက "ကိုယ်ပိုင်ဆက်ကြောင်းကနေ 10 GB အထိ တိုးချဲ့သွားပါမယ်။ အရင် MPT ဆီက ငှားသုံးနေတဲ့ ဆက်ကြောင်းလည်း ဆက်ရှိနေမယ်။ ကိုယ်ပိုင်ဆက်ကြောင်းကို လိုအပ်သလို ထပ်ပြီးချဲ့ထွင်သွားလို့ ရပါတယ်" ဟု ဆိုသည်။
တယ်လီနောမြန်မာ၏ ဖုန်းမှ အင်တာနက်အသုံးပြုနေသူ တစ်ဦးက "အင်တာနက်က နောက်ပိုင်းပိုကောင်းလာတယ်။ ဝန်ဆောင်မှု စတဲ့ အချိန်မှာတုန်းက အိမ်ထဲမှာ လိုင်းမမိတာတွေရှိတယ်။ အခုတော့ ပိုကောင်းလာပါတယ်" ဟု ဆိုသည်။
တယ်လီနောမြန်မာ၏ ဆင်းမ်ကတ်များကို ၂၀၁၅ ဖေဖော်ဝါရီအထိ ကတ် ၄ ဒသမ ၅ သန်းချထားပေးပြီး ၂၀၁၄ နှစ်ကုန်အထိ စာရင်းများအရ ကတ် ၃ ဒသမ ၅ သန်းအထိ အသုံးပြုနေသည်ဟု တယ်လီနောမြန်မာ၏ ပြန်ကြားရေးအရာရှိက ဆိုသည်။ အသုံးပြုနေသည့် ကတ်များတွင် အင်တာနက်အသုံးပြုသည့် အရေအတွက်သည် ၅၀ ရာခိုင်နှုန်းအထိ ရှိသည်ဟုလည်း တယ်လီနောမြန်မာက ထုတ်ပြန်ထားသည်။
ပြည်တွင်းတွင် အော်ပရေတာ ဝန်ဆောင်မှု ပေးနေသည့် တယ်လီနောမြန်မာက ၂၀၁၅ ခုနှစ်အကုန်တွင် မြန်မာတစ်နိုင်ငံလုံးရှိ မြို့ကြီးများ၏ ၉၀ ရာခိုင်နှုန်းအထိ ကွန်ရက်ဖြန့်ကျက်နိုင်ရန် ဆောင်ရွက်သွားမည်ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Petter Furberg က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားထားသည်။
တယ်လီနောမြန်မာက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မကွေး ဒေသများတွင် ဝန်ဆောင်မှုပေးနေပြီး ဖေဖော်ဝါရီလတွင် ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် ဝန်ဆောင်မှု ချဲ့ထွင်သွားမည်ဟု တယ်လီနောမြန်မာက ထုတ်ပြန်ထားသည်။
တယ်လီနောမြန်မာအနေဖြင့် လစဉ် တာဝါတိုင် ၂၀၀ တိုးချဲ့တည်ဆောင်ပြီး ဝန်ဆောင်မှုကို ချဲ့ထွင်သွားမည်ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg က ဆိုထားသည်။
Credit - Mizzima News
No comments:
Post a Comment