Wednesday, February 18, 2015

မိမိတို့နိုင်ငံ၏ နယ်စပ်ဒေသ လုံခြုံအေးချမ်းရေး (အယ်ဒီတာ့အာဘော်)

ယခုရက်ပိုင်းအတွင် ပြည်သူတို့ စိတ်ဝင်တစားစောင့်ကြည့်နေကြရသည့် နိုင်ငံရေး ပြဿနာ နှစ်ခုရှိပါသည်။ တစ်ခုက ကျောင်းသားများ၏ လမ်းလျှောက်ဆန္ဒပြပွဲဖြစ်ပြီး နောက်တစ်ခုကတော့ ကိုးကန့်ဒေသတိုက်ပွဲများ သတင်းဖြစ်သည်။ တစ်ခုက နိုင်ငံရေး အသွင်သဏ္ဍာန်ဆောင်ပြီး နောက်တစ်ခုကမူ စစ်ရေးအသွင် သဏ္ဍာန်ဆောင်ပါသည်။ သို့သော်လည်း ကိုးကန့်ဒေသ စစ်ရေးတိုက်ခိုက်မှုပြဿနာမှာ စစ်ရေးအသွင် သဏ္ဍာန် ဆောင်သည်ဖြစ်သော်ငြားလည်း ယင်းပြဿနာမှာ နိုင်ငံရေးအခြေခံအပေါ်တွင် မူတည်ပြီး ဖြစ်ပွား လာသည့် အကျိုးဆက်ပြဿနာဖြစ်သည်ဟူ၍ ပြောနိုင်ပါသည်။

မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း အစိုးရအဆက်ဆက် နိုင်ငံခြားရေးမူဝါဒအရ မှန်ကန်စွာ ချ မှတ်ကိုင်တွယ် ကျင့်သုံးနိုင်ခဲ့သဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ဖြေရှင်းရခက်ခဲ့သည့် နယ်စပ်ပြဿနာများ ကြီးမား စွာမရှိခဲ့ဟု ပြောနိုင်ပါသည်။ တစ်ကြိမ်တစ်ခါတွင်မူ ဖီမော်၊ ဂေါ်လန်၊ ကန်ဖန် ရွာသုံးရွာကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ရသည်အထိ ပြဿနာကြီးမားခဲ့ဖူးသော်ငြားလည်း သမိုင်းရေးအရလည်းကောင်း၊ ရေရှည် တည်တန့်အောင်ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေးအရလည်းကောင်း ယင်းနယ်စပ်ပြဿနာကို ငြိမ်းချမ်းတည် ငြိမ်စွာ ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုရပါမည်။

မြန်မာနိုင်ငံ၏ နယ်စပ်ဒေသအားလုံးသည် တိုင်းရင်းသားလူမျိုးစုများနေထိုင်သည့် ဒေသများချည်းဖြစ်သည်။ ထို့ကြောင့် နယ်စပ်ဒေသလုံခြုံအေးချမ်းတည်ငြိမ်ရေးသည် ယင်းဒေသနေ လူမျိုးစုတိုင်းရင်းသားများ နှင့် လည်း အထိက သက်ဆိုင်နေပြန်ပါသည်။ အတိအကျနှင့် အတိအလင်းပြောဆိုရလျှင် နယ်စပ်ဒေသ တည် ငြိမ်အေးချမ်းရေးသည် မိမိတို့တိုင်းပြည် တိုင်းရင်းသားများ သွေးစည်ချစ်ကြည်ရေးအပေါ်တွင် အဓိက မူတည်နေသည်ဟုလည်း ဆိုနိုင်ပါသည်။

မိမိနိုင်ငံ၏ နယ်စပ်ဒေသ နယ်စပ်မျဉ်းဆိုသည်မှာ မျဉ်းသားထားရုံ၊ အုတ်တံတိုင်း ကာထားရုံလောက်နှင့် တည်ငြိမ်နိုင်သည်မဟုတ်ချေ။ မိမိတို့နိုင်ငံက ချမှတ်ကျင့်သုံးသော နိုင်ငံခြားရေးမူဝါဒနှင့် သက်ဆိုင်ရာ နယ်စပ်ဒေသမှာ နှစ်ပေါင်းများစွာနေထိုင်လာခဲ့ကြသည့် တိုင်းရင်းသားများနှင့် စည်းလုံးညီညွတ်မှု အခြေ အနေများအပေါ်တွင် လုံးဝမူတည်နေပါသည်။

မိမိတို့နိုင်ငံသည် နိုင်ငံခြားရေးမူဝါဒသည် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ယခင်တစ်လျှောက်လုံးကျင့် သုံးလာ ခဲ့သည့် တက်ကြွသည့် ကြားနေသဘောဆောင်သောမူဝါဒမှာ ယိမ်းယိုင်လာခဲ့ဟု ပြောနိုင်ပါသည်။

အခြေအနေနှင့် အချိန်အခါအရ ငါးပွက်ရာ ငါးစာချသည့်သဘောဆောင်သည့် နိုင်ငံခြားရေးမူဝါဒဘက်သို့ ယိမ်းယိုင်လာခဲ့သည်ဟု ပြောနိုင်ပါသည်။ အထူးသဖြင့် အချို့နိုင်ငံများကို အတိအလင်းဆန့်ကျင်ပြီး အချို့ နိုင်ငံများကို လွန်ကဲစွာမှီခိုသည့် နိုင်ငံခြားရေးမူဝါဒအမှားကို ကျင့်သုံးလာခဲ့သည်ဟု ယူဆရပါသည်။ အထူး သဖြင့် နယ်မြေချင်းဆက်စပ်နေသော အင်အားကြီးနိုင်ငံကြီးတစ်နိုင်ငံနှင့် လွန်ကဲစွာ မှီခိုသည့်မူဝါဒကို ကျင့် သုံးလာခဲ့သည်ဟု ယူဆရပါသည်။ ထိုမူဝါဒအရ နယ်မြေချင်းဆက်စပ်နေသော နိုင်ငံကြီးတစ်နိုင်ငံအပေါ် ယခင်ကလို လွန်ကဲစွာ မှီခိုရသည့်အနေအထားကို ပြန်လည်ပြုပြင်ရန်ရှိလာသောအခါ မိမိတို့၏ ပြောင်းလဲ လိုက်သည့် ဆက်ဆံရေးကို ယင်းနိုင်ငံကြီးက သဘောမတူလက်မခံပါက တစ်ဆက်တစ်စပ်တည်းဆိုသလို နယ်စပ်ဒေသတည်ငြိမ်မှုသည်လည်း အာမခံလို့မရ နိုင်သည့်သဘော သက်ရောက်လာစေနိုင်ပါသည်။

ယင်းအပြင် နယ်စပ်ဒေသနေ တိုင်းရင်းသားညီအစ်ကိုမောင်နှစ်မများအပေါ် တကယ်စစ်မှန်ပြီး ရေရှည်သ ဘောဆောင်သည့် တိုင်းရင်းသားရေးရာမူဝါဒ မကျင့်သုံးနိုင်ပါကလည်း နယ်စပ်ဒေသတည် ငြိမ်အေးချမ်း ရေးသည် စိန်ခေါ်ခံရတော့မည်မှာ မလွဲချေ။ ယခုတလော ဖြစ်ပွားလာနေသည့် လောက်ကိုင်ဒေသတိုက်ပွဲ များမှာ မိမိတို့ နိုင်ငံ၏ နယ်စပ်ဒေသလုံခြုံရေးကို ခြိမ်းခြောက်လာနေသည့် ပြဿနာဟူ၍လည်း ယူဆနိုင်ပါ သည်။

ထို့ကြောင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးသည် မိမိတို့နိုင်ငံ နိုင်ငံခြားရေး မူဝါဒမှန်ကန်ရေးနှင့် နယ် စပ်ဒေသနေ တိုင်းရင်းသား ညီအစ်ကိုမောင်နှစ်မများနှင့် တည့်မတ်မှန်ကန်သည့် တိုင်းရင်းသားရေးရာ မူဝါ ဒအပေါ် လုံးဝမူတည်နေကြောင်း တင်ပြလိုက်ပါသည်။


Credit - Mizzima News

No comments:

Post a Comment