Friday, February 20, 2015

ဖမ်းဆီးမှုများရှိသော်လည်း မှောင်ခိုကုန်သွယ်မှု ရှိနေဆဲ

 ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
မြန်မာနိုင်ငံတွင် မှောင်ခိုကုန်သွယ်မှု လျော့ကျရေးအတွက် စစ်ဆေးမှု၊ ဖမ်းဆီးမှုများ ရှိနေသော်လည်း မှောင်ခို ကုန်သွယ်မှုများ ရှိနေဆဲဖြစ်သည်။ လက်ရှိဘဏ္ဍာနှစ် ၁၀ လအတွင်း နယ်မြေဒေသများမှ အကောက်ခွန်မဲ့ ကုန်စည်များ ဖမ်းမိသည့်တန်ဖိုးမှာ စုစုပေါင်းကျပ် ၂ ဒသမ ၄ ဘီလီယံကျော် အထိ ရှိလာကြောင်း အကောက်ခွန် ဦးစီးဌာနထံမှ သိရသည်။

မှောင်ခိုတင်သွင်းမှုများသည် တရားဝင်လမ်းကြောင်းမှ တင်သွင်းသည့် ပမာဏထက်ပင် ပိုမိုများပြားေ နကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

တရားမ၀င် ကုန်သွယ်မှုများကို တစိုက်မတ်မတ် လုပ်ကိုင်ရန် အရေးကြီးကြောင်းကို ““ဒါတွေ ဖမ်းဆီးတာကို ကျယ်ကျယ် ပြန့်ပြန့်နဲ့ တစိုက်မတ်မတ် လုပ်နိုင်ဖို့ အရေးကြီးပါတယ်။ လက်လီ လက်ကား ရောင်းဝယ်နေတဲ့ ဆိုင်တွေကို ပစ္စည်းတွေ ဖြည့်တင်းပေးနေတဲ့ ဂိုဒေါင်တွေ ရှိပါတယ်။ တရားမ၀င် တင်သွင်းတဲ့ ဟာတွေကလည်း ဒီဂိုဒေါင်မှာ အဆုံးသတ်တာပါ။ ဒီဂိုဒေါင်တွေကို သက်ဆိုင်ရာ ဒေသအာဏာပိုင် အဖွဲ့အစည်းတွေ ရပ်ကွက် ကျေးရွာက တစိုက်မတ်မတ်နဲ့ မှန်မှန်ကန်ကန် တရားဥပဒေအတိုင်း လုပ်မယ်ဆိုရင် အောင်မြင်မှာပါ””ဟု ၎င်းက ဆိုသည်။…

မြန်မာနိုင်ငံတွင် တရားမ၀င် ကုန်သွယ်မှု များပြားလာခြင်းက စားသုံးသူများကို ထိခိုက်စေသည့်အပြင် အခွန်ဆောင်ပြီး တရားဝင် ကုန်သွယ်နေသူများ အတွက် ဈေးကွက် ယှဉ်ပြိုင်မှုကို ကျဆင်းစေသည့်အတွက် တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် ညှိနှိုင်းမှုများ လုပ်ဆောင်နေသည်ဟု စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်က ပြောကြား သွားသည်။

လှိုင်သာယာမြို့နယ် ကနောင်ခန်းမတွင် ဇန်န၀ါရီလ ၂၀ ရက်က ပြုလုပ်သော အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမားများ လူမှုစီးပွားဘ၀ မြှင့်တင်ရေးဆိုင်ရာ အခမ်းအနားတွင် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများတွင် တရားမ၀င် ကုန်သွယ်မှု များပြားခြင်းကြောင့် ကုန်သွယ်ဘက် အိမ်နီးချင်းနိုင်ငံများ စာရင်းနှင့်နှိုင်းယှဉ် ပါက အမေရိကန် ဒေါ်လာ ဘီလီယံချီဩ ကွာဟနေသေးကြောင်း ဦးဝင်းမြင့်၏ ပြောကြားချက်များအရ သိရသည်။

မှောင်ခို တင်သွင်းသူများမှာ နည်းလမ်းအမျိုးမျိုး အသုံးပြုပြီး မှောင်ခို တင်သွင်းမှုများ ရှိနေဆဲဖြစ်ကြောင်းကို A.A electronics မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသန်းဝင်းအောင်က ““သွင်းကုန် လုပ်ငန်းတွေမှာ တရားဝင်သွင်းသူနှင့် နယ်စပ်မှ နည်းမျိုးစုံနဲ့ အဆင်ပြေသလို ခိုးသွင်းတဲ့ လူတန်းစားဆိုပြီး ရှိတယ်။ တရားဝင်သွင်းသူတွေက လိုင်စင် နှင့် တိတိကျကျသွင်းပြီး အခွန်များကို တိတိကျကျ ဆောင်ရပါတယ်။ အမြတ်ခွန်နှင့် ၀င်ငွေခွန်ကအစ ဆောင်ရပါတယ်။ တရားမ၀င် ခိုးသွင်းနေတဲ့ လူတွေမှာတော့ စာရင်းပါ ပျောက်နေတယ်””ဟု မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

တရားမ၀င် ကုန်သွယ်မှုများတွင် အစိုးရ၏ အားနည်းချက်များလည်း ရှိနေကြောင်း ““ပြဿနာက ဘာလဲဆိုတော့ အစိုးရက တစ်ဖက်မှာသာ အခွန်ကောက်နေတာ ဆောင်နေတဲ့သူကိုသာ ပိုက်စိပ်တိုက် ကောက်နေတာ လွတ်နေတဲ့ သူက လွတ်နေတုန်းပဲ””ဟု ဦးသန်းဝင်းအောင် က ပြောကြားသွားသည်။

နယ်စပ် တရားမ၀င် ကုန်သွယ်မှုများ များပြားလာခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးနှင်းဦးက ““အခုလိုဖြစ်နေတာကတော့ သက်ဆိုင်ရာ ဥပဒေပိုင်းမှာ အားနည်း နေသေးတယ်လို့ မြင်တယ်””ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်မှု ပမဏမှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာသန်း ၂၂၁ ဒသမ ၁၅၆၈ ကျော်ရှိခဲ့ရာမှ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက် အောက်တိုဘာလ ၁၈ ရက်အထိ ဒေါ်လာသန်းပေါင်း ၃၅၆ ဒသမ ၉၅ ရှိသည်ဟု စီးပွားကူးသန်းနယ်စပ် ကုန်သွယ်ရေးဦးစီးဌာန စာရင်းများအရ သိရသည်။

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၏ နှစ်စဉ်အလိုက် တရုတ် -မြန်မာ ကုန်သွယ်မှု ပမာဏကို ကြည့်မည် ဆိုပါက ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၂၇၆၈ ဒသမ ၈၈၈ သန်း ကုန်သွယ်မှု ပြုနိုင်ခဲ့ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၂၇၃၆ ဒသမ ၅၂၅ သန်း ကုန်သွယ်မှုပြုခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံတကာ ကုန်သွယ်မှု တန်ဖိုးသည် ၂၀၁၀-၂၀၁၁ ဘဏ္ဍရေးနှစ်က ကုန်သွယ်မှု တန်ဖိုး အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ ရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၂၅ ဘီလီယံနီးပါးအထိ ရှိလာသည်။ ထိုစာရင်းများအရ လက်ရှိ လုပ်ကိုင်နေသော တရားဝင် ကုန်သွယ်မှုပမာဏ တိုးလာခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ် ကုန်သွယ်မှု အခြေအနေနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ““အခုဆိုရင် ဇန်န၀ါရီ ပထမအပတ်အထိ ကုန်သွယ်မှုပမာဏ ၂၁ ဘီလီယံအထိ ရရှိနေပါတယ်။ ပို့ကုန်ထက် သွင်းကုန်က များပါတယ်”” ဟု ပြောကြားသွားသည်။

သဇင်လှိုင်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment