Wednesday, February 18, 2015

ကိုးကန့်ရှိ သတင်းသမားကို တပ်မတော်က ကာကွယ်ပေးရန် MJN တိုက်တွန်း

ရန်ကုန် (မဇ္ဈိမ)။ ။ ကိုးကန့်ဒေသတွင် သွားရောက်သတင်းယူနေသည့် သတင်းသမားများ၏ လုံခြုံရေးအတွက် ယင်းဒေသတွင် တာဝန်ယူထားသည့် တပ်မတော်မှ အတတ်နိုင်ဆုံး ကာကွယ်ပေးပါရန် မြန်မာဂျာနယ်လစ် ကွန်ရက် (MJN) မှ တိုက်တွန်းသည်ဟု ဖေဖော်ဝါရီ ၁၈ ရက်တွင် MJN က ထုတ်ပြန်ချက်ထုတ် တိုက်တွန်းလိုက်သည်။

ဖေဖော်ဝါရီ  ၁၇ရက်တွင် လောက်ကိုင်ဒေသမှ ဒုက္ခသည်များအား ကယ်ဆယ်၍ ပြန်လည်ဆင်းလာသည့် ကြက်ခြေနီယာဉ်တန်းအား လက်နက်ကိုင်တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရ ခရီးသည် အချို့ဒဏ်ရာရရှိခဲ့ပြီး အဆိုပါ ယာဉ်တန်းတွင် သတင်းထောက်အချို့နှင့် ဓါတ်ပုံ သတင်းထောက်အချို့ ပါဝင်ခဲ့သည်။ သို့ဖြစ်၍
လက်နက်မဲ့အရပ်သားများ သတင်းမီဒီယာ သမားများအား အသက်အန္တရာယ် ထိခိုက်အောင် တိုက်ခိုက်မှုအား မြန်မာဂျာနယ်လစ် ကွန်ရက်က ရှုတ်ချသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်ခဲ့သည်။

မြန်မာဂျာနယ်လစ် ကွန်ယက်မှ အထွေထွေ အတွင်းရေးမှုး  ဦးမြင့်ကျော်က ''ဒီလိုကိစ္စမျိုးကို သတင်းလိုက်တာ သိပ်မရှိဘူး။ အခုမှ သတင်းမီဒီယာတွေကိုယ်တိုင် သတင်းသွားယူပြီး သတင်းပေး ပို့တာမျိုးတွေ ရှိလာတယ်။ ဒီလို အတွေ့အကြုံနည်းတဲ့အတွက် တစ်ချို့နေရာတွေမှာ လုံခြုံရေးနဲ့တွဲပြီး သွားသင့်တယ်'' ဟု ပြောသည်။

သတင်းသမားများ အနေဖြင့် ပြည်သူလူထု၏ သိပိုင်ခွင့်ကို ဖြည့်ဆည်းရန် ရည်ရွယ်၍ ကိုးကန့်ဒေသသို့ သွားရောက် သတင်းယူနေခြင်းဖြစ်၍ သတင်းသမားများ၏ လုံခြုံရေးကို ကာကွယ်ပေးရန် ယင်းကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယင်းအပြင် သတင်းမီဒီယာ သမားများ အနေဖြင့်လည်း သတင်းရရှိရန် သွားလာသည့်အခါ မိမိတို့၏ လုံခြုံရေး အကာအကွယ်၊ ကြိုတင်ပြင်ဆင်မှုများကို မိမိတို့ သတင်းဌာနများနှင့် တိုင်ပင်ကာ စီစဉ်သွားကြပါရန် တိုက်တွန်းလိုက်သည်။

အဆိုပါ ကိုးကန့်ဒေသသို့ သွားရောက်သတင်းယူနေသည့် သတင်းမီဒီယာအဖွဲ့များမှာ  အီးပီအေ၊ ရိုက်တာ၊ အေအက်ဖ်ပီ၊ ဧရာဝတီ၊ 7 Day နေ့စဉ် သတင်းစာ၊  ပြည်ထောင်စုနေ့စဉ် သတင်းစာ အစရှိသည့်တို့  ဖြစ်သည်။


Credit - Mizzima News

No comments:

Post a Comment