မော်လမြိုင် (မဇ္ဈိမ)။ ။ ပြည်ထောင်စု လွှတ်တော်တွင် တပ်မတော်သား
ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်သည်ကို မသိရှိသည့် ပြည်နယ်နှင့်
တိုင်းဒေသကြီးများအနက် မွန်ပြည်နယ်သည် ရာခိုင်နှုန်းအမြင့်ဆုံး ဖြစ်ကြောင်း
The Asia Foundation ၏ စစ်တမ်းတွင် ဖော်ပြသည်။

(ဓာတ်ပုံ - ဟောင်ဆာ (ရာမည) မဇ္ဈိမ)
ဖေဖော်ဝါရီလ ၁၇ ရက်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြုလုပ်သည့် ၂ဝ၁၄ ခု မြန်မာနိုင်ငံ ပြောင်းလဲ နေသောလူ့အဖွဲ့အစည်းအတွင်းရှိ နိုင်ငံသားများ၏ အသိပညာနှင့် တန်ဖိုးထားမှုများ စစ်တမ်းရလဒ်များကို ရှင်းလင်းခြင်း အခမ်းအနားတွင် The Asia Foundation မှ Senior Program Officer ဦးရဲသူအောင် က ပြောခြင်း ဖြစ်သည်။
စစ်တမ်းအရ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်သည်ကို မသိရှိမှုမှာ မွန်ပြည်နယ်သည် ၈၅ ရာခိုင်နှုန်း၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ် ၈၄ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ် ၇၇ ရာခိုင် နှုန်း၊ ကယား ပြည်နယ် ၇၆ ရာခိုင်နှုန်းနှင့် ရှမ်းပြည်နယ် ၇၃ ရာခိုင်နှုန်း၊ ကချင်ပြည် နယ် ၄၉ ရာခိုင်နှုန်း အသီးသီး ရှိသည် ။
ဦးရဲသူအောင်က ''ယခုတွေ့ရှိချက်က ၂ဝ၁၄ ခုမှာ ကောက်ခံခဲ့တဲ့ လူတွေရဲ့ အမြင်ပဲ ဖြစ်ပါတယ်။ ဒီတွေ့ရှိ ချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ဖို့အတွက် အရပ်ဘက်အဖွဲ့တွေကို လာရောက် ရှင်း လင်းတာ ဖြစ်တယ်။ ဒီအချက်အလက်တွေကို နိုင်ငံရေးပါတီက လိုချင်တယ်ဆိုရင် ကူညီပေးသွားမယ်'' ဟု ပြောသည် ။
စစ်တမ်းကို ၂ဝ၁၄ ခု၊ မေ ၁ ရက်မှ ဇွန် ၁ဝ ရက်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုအတွင်းကောက် ခံခဲ့ပြီး လူတွေ့မေးမြန်းမှု ၃,ဝဝဝ ကို အခြေခံကာ ထုတ်ပြန်ခြင်း ဖြစ်သည်။
စစ်တမ်းတွင် နိုင်ငံသားများသည် အစိုးရ ဖွဲ့စည်းပုံနှင့် လုပ်ငန်းများကို သိရှိမှုနှင့် အစိုးရ အဖွဲ့ဝင်များ ရွေးချယ်ခြင်းနှင့် ပတ်သက်သည့် ဖွဲ့စည်းအုပ်ချုပ်မှုဆိုင်ရာ နားလည်သဘောပေါက်မှု နည်းပါးကြကြောင်း၊ ၎င်းအနက် ပြည်နယ်များရှိ အမျိုးသမီးများသည် နားလည်မှု ပိုမိုနည်းပါးကြောင်း တွေ့ရသည်ဟု ဆိုသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရတို့၏ လုပ်ငန်းတာဝန်မှာ ၈ ရာခိုင်နှုန်း သောပြည်သူတို့က လမ်းများ နှင့် ပညာရေး ကောင်းမွန်အောင် ပြုပြင်ပေးခြင်း၊ ၇ ရာခိုင်နှုန်းမှာ ကျန်းမာရေး၊ ၆ ရာခိုင်နှုန်းမှာ နိုင်ငံသား များအကြား ပဋိပက္ခ ကြားဝင်စေ့စပ်ပေးခြင်း၊ ၃ ရာခိုင်နှုန်းမှာ ဆင်းရဲသားများကို ကူညီစောင့်ရှောက်ပေး ခြင်းဟု ဖြေဆိုကြပြီး ၇၆ ရာခိုင်နှုန်းမှာ မသိရှိကြကြောင်း စစ်တမ်းကဆိုသည်။
The Asia Foundation သည် အာရှနိုင်ငံများ၏ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးမဏ္ဍိုင်များ မြှင့်တင်ရေး၊ အမျိုး သမီးထု အခွင့်အရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဒေသတွင်း အပြန်အလှန် ပူး ပေါင်းဆောင်ရွက်ရေးတို့ကို အမြတ်အစွန်း ပဓာနမထားဘဲ ဆောင်ရွက်နေသော အစိုးရနှင့် မသက်ဆိုင် သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment